နေထက်မိုးဇော် ရေးသည်
ဗမာနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်တို့သည် မြန်မာပြည်အား ဗမာများက စိတ်တိုင်းကျ ကြိုးကိုင် ချယ်လှယ်အုပ်ချုပ်နိုင်ရန်အတွက် အမည်နာမအားဖြင့် လူကြားကောင်းသည့် တံဆိပ်အမျိုးမျိုးကပ်ခဲ့ကြသော် လည်း အနှစ်သာရအားဖြင့် တစ်ပြည်ထောင်အုပ်ချုပ်ရေးကို ထူထောင်ခဲ့ကြသည်။
၎င်းတစ်ပြည်ထောင်အုပ်ချုပ်ရေးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ကြိမ် ရေးဆွဲခဲ့ကြသည်။ သို့ ရာတွင် ၎င်းအုပ်ချုပ်ရေးများသည် အောင်မြင်ခြင်းမရှိဘဲ ကျရှုံးခဲ့ကြရပြီးဖြစ်သည်။ သို့ဖြစ်၍ ဤလေ့လာဆန်း စစ်မှုတွင် တစ်ပြည်ထောင်ဖွဲ့စည်းမှုနှင့် တစ်ပြည်ထောင်အုပ်ချုပ်ရေးသည် မြန်မာပြည်တွင် အဘယ်ကြောင့် မအောင်မြင်ခဲ့ရသည်များကို သုံးသပ်ထားပြီး ယင်းတို့သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ကြရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည်။
မြန်မာပြည်တွင် ရေးဆွဲပြဌာန်းခဲ့ပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ခုအား အောက်ပါအတိုင်း အပိုင်း (၃) ပိုင်းခွဲ၍ သုံးသပ်စိတ်ဖြာသွားမည်ဖြစ်သည်။
(၁) ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
(၂) ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၃) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
.
(၂) ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအား သုံးသပ်ချက်
(က) နိုင်ငံတော် ဖွဲ့စည်းပုံ
၁၉၄၇ အခြေခံဥပဒေပါ မြန်မာနိုင်ငံဖွဲ့စည်းပုံသည် ပြည်ထောင်စုဆန်သော တစ်ပြည်ထောင်ဖွဲ့စည်းပုံဖြစ်သည်။ သို့ရာတွင် ပြည်ထောင်စုယောင်ယောင် ဖွဲ့စည်းမှု ( အခန်း ၉ – အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ ) အနည်းငယ်ပါနေသဖြင့်လည်းကောင်း၊ ပြည်နယ်သစ်များဖွဲ့စည်းနိုင်ကြောင်း ( အခန်း ၉ – အပိုင်း ၆ ) ထည့်သွင်းထားသဖြင့်လည်းကောင်း၊ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဖြင့်လည်းကောင်း ဗမာလူမျိုးကြီး ဝါဒသမားတို့သည် ကျန်လူမျိုးစုများကို စိုးမိုးအုပ်ချုပ်ရာတွင် စိတ်တိုင်းကျ မဖြစ်ခဲ့ကြပေ။
သို့ဖြစ်၍ ဗမာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်တို့သည် တစ်ပါတီ ဗမာတစ်ပြည်ထောင်ဖွဲ့စည်းပုံကို ဖန်တီးခဲ့ကြသည်။ မြန်မာနိုင်ငံတော်သည် ပြည်ထောင်စုနိုင်ငံတော် မဟုတ်။ နိုင်ငံတော်တွင် ဖက်ဒရယ်မူအရ ဖွဲ့စည်းထားသော မည်သည့်ပြည်နယ်မှ မပါဝင်။ နိုင်ငံတော်သည် တစ်ခုတည်းသော ဗမာနိုင်ငံတော်သာ ဖြစ်သည်။ ယင်းကို အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေးအရ ဒေသအဆင့်ဆင့် ပိုင်းခြားထားခြင်းမျှသာဖြစ်သည်( ပုဒ်မ ၂၈၊ ၂၉ (က)(ခ) )။
မြန်မာနိုင်ငံရှိ ဌာနေလူမျိုးစုကြီးများအား ပြည်နယ် (၇) ခု အဖြစ်သတ် မှတ်လိုက်သည်။ ယင်းပြည်နယ် (၇) ခုနှင့် ဘက်ညီအောင် ဗမာအများစုနေထိုင်ရာဒေသကို တိုင်း (၇) တိုင်းအဖြစ် ဖွဲ့ စည်းလိုက်သည် (ပုဒ်မ ၃၁)။ သို့ဖြင့် ဌာနေလူမျိုးစုတစ်စု (၁) ကျပ်၊ ဗမာ (၇) ကျပ်ဟူသော တန်းတူညီမျှမှုမရှိဘဲ ဗမာလူမျိုးကြီး ဝါဒီများက တိုင်းပြည်ကို မောင်ပိုင်စီးထားသော နာမည်ကျော်ခွဲဝေမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ယင်းသို့ တင်စီးသောခွဲဝေမှုကြီးကို ဗမာလူမျိုးကြီးဝါဒီများက သဘောကျနှစ်ခြိုက်လွန်းသဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအထိပင် သယ်ယူလာခဲ့ကြသည် (၂၀ဝ၈ ဖွဲ့ စည်းပုံ- ပုဒ်မ ၄၉ ) ။ ဤသို့ဖြင့် တိုင်း နှင့် ပြည်နယ် (၁၄) ခု ဟူသောမူကြီးသည် လွှတ်တော်တွင်လည်းကောင်း ၊ ဘတ်ဂျက်ခွဲဝေမှုတွင်လည်းကောင်း ၊ အုပ်ချုပ်ရေးရာတွင် လည်းကောင်း ဗမာများက ဌာနေလူမျိုးစုများကို အမြဲအသာရရှိစေသော တစ်ဖက်စောင်း နင်းမူကြီးဖြစ်လာခဲ့သည်။ ထို့ကြောင့် ၁၉၇၄ နိုင်ငံတော်ဖွဲ့စည်းပုံသည် ဌာနေလူမျိုးစုများအား လူမျိုရေး တန်းတူမှု ၊ နိုင်ငံရေးတန်းတူမှု ၊ စီးပွားရေးတန်းတူမှု စသည်များ ကင်းမဲ့စေလျက် ဗမာလူမျိုးကြီး စစ်ဝါဒီ အာဏာရှင်စနစ်အောက်တွင် ဆင်းရဲမွဲတေ ဆုတ်ယုတ်နိမ့်ကျကာ မကျေလည်မှုများ၊ ပဋိပက္ခများနှင့် ပြည်တွင်း စစ်ကိုသာ မီးကူးနေစေခဲ့လေသည်။
(ခ) နိုင်ငံတော်အုပ်ချုပ်ပုံ
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တွင် လွှတ်တော်တစ်ရပ် တည်သာရှိသည် ( ပုဒ်မ ၃၂ )။ ယင်းလွှတ်တော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည် ( ပုဒ်မ ၄၁ )။ ယင်းလွှတ်တော်တွင် ဥပဒေပြုကြပြီး အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်ရေးအာဏာကို ယင်းလွှတ်တော်က ဖွဲ့စည်းလိုက်သော ဗဟိုအာဏာပိုင်အဖွဲ့နှင့် ဒေသအာဏာပိုင်အဖွဲ့အဆင့်ဆင့်သို့ ခွဲဝေအပ်နှင်း၍ သုံးစွဲခွင့်ပြုသည် ( ပုဒ်မ ၁၃ ၊ ၄၄ ၊ ၄၅ )။ သို့ဖြစ်ရာ လွှတ်တော်ထဲသို့ မည်သူများတက်ရောက်နိုင်ကြသနည်း။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်များကို အခြေခံသည်ဟုဆိုသည် ( ပုဒ်မ ၁၇၆ – က )။ မြို့နယ်တစ်မြို့နယ်မှ ကိုယ်စားလှယ်တစ်ဦးစီ (ပုဒ်မ ၁၇၆ – ခ ) လူဦးရေများလျှင် ကိုယ်စားလှယ်တစ်ဦးမက တင်မြှောက်နိုင်သည် ဟုဆိုသည် ( ပုဒ်မ ၁၇၆ – ဂ )။ တိုင်း (၇) ခု ခွဲခြားသတ်မှတ်ချက်အရလည်းကောင်း၊ ၄င်းတိုင်း (၇) ခု၏ မြို့နယ်အရေအတွက်အရလည်းကောင်း လွှတ်တော်ထဲတွင် ဗမာကိုယ်စားလှယ် အချိုးအစားသာပြီးဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ရယူထားသောလွှတ်တော်တွင် ဌာနေလူမျိုးစုများသည် ဗမာလူမျိုးကြီးဝါဒီများနှင့် အပြန်အလှန်ထိန်းချုပ်ခွင့်များ တရားဝင်ဆုံးရှုံးခဲ့ရသည်။ စင်စစ်၌ကား လွှတ်တော်သည် အာဏာရှင်ဗိုလ်နေဝင်း၏ ပုတ်သင်ညိုများ လွှတ်တော်သာဖြစ်ပြီး ဗိုလ်နေဝင်းသည် ဗမာလူ မျိုးကြီး စစ်ဝါဒီခေါင်းဆောင်သာဖြစ်ရာ ၄င်း၏ လွှတ်တော်မှ ဌာနေလူမျိုးစုများကို ဂုတ်သွေးစုပ် မည့် ဥပဒေများနှင့် ယင်းဥပဒေဆိုသည်များကို လက်တွေ့အကောင်အထည်ဖော်မည့် လက်ပါးစေ အစိုးရအဖွဲ့ကိုသာလျှင် မွေးထုတ် ပေးခဲ့လေသည်။

ဗိုလ်နေဝင်း၏ လွှတ်တော်မှ နိုင်ငံတော် ကောင်စီ ကို ဖွဲ့စည်းသည်(ပုဒ်မ ၃၃)။ နိုင်ငံတော်ကောင်စီကို တိုင်းနှင့်ပြည်နယ် (၁၄) ခု မှ တစ်ဦးစီဖြင့် (၁၄) ဦး၊ လွှတ်တော်မှ နောက်ထပ်ရွေးချယ်တင် မြှောက်သော ယင်းအရေအတွက်နှင့် တူညီမျှသော ကိုယ်စားလှယ်များနှင့် ဝန်ကြီးချုပ်တို့ဖြင့် ဖွဲ့စည်းထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်ကောင်စီတွင် ဌာနေလူမျိုးစုများ၏ကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့်မှာ (၇) ဦးထက် အနည်းငယ်သာ ပိုနိုင်သည် (ပုဒ်မ ၆၄ )။
နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတဖြစ် သည် (ပုဒ်မ ၆၆ – က)။ နိုင်ငံတော်ကောင်စီ၏ လုပ်ငန်းတာဝန်များမှာလည်း ၁၉၄၇ အခြေခံဥပဒေနှင့် ၂၀ဝ၈ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ၏ လုပ်ငန်းတာဝန်များနှင့် ဆင်တူယိုးမှားများသာဖြစ်သည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် နိုင်ငံတော် သမ္မတသည် ဌာနေလူမျိုးစုများမှ ဖြစ်ခွင့်အလွန်နည်းသည်။ အကြောင်းမှာ နိုင်ငံတော်ကောင်စီတွင် ဗမာကိုယ်စားပြုများက များပြားနေပြီး၊ ယင်းသို့များပြားအောင်ဖန်တီးထားပြီး၊ အားလုံးကို ကြိုးကိုင်ထားသော ဗိုလ်နေဝင်းမှာ ဗမာလူမျိုးကြီးဝါဒီတစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
နိုင်ငံတော်ကောင်စီအောက်တွင် ဗဟိုအာဏာပိုင်အဖွဲ့ အစည်း (၄) ဖွဲ့ ရှိသည်။ ဝန်ကြီးအဖွဲ့၊ ပြည်သူ့ တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့တို့ ဖြစ်သည် (ပုဒ်မ ၃၄)။ ဝန်ကြီးအဖွဲ့ကို နိုင်ငံတော်ကောင်စီဝင်များကရွေးချယ်ပြီး ယင်းအထဲမှ တစ်ဦးကို ဝန်ကြီးချုပ်မြှောက်သည် (ပုဒ်မ ၈၂ (က)(ခ))။ ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ အမြင့်ဆုံး ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့ ဖြစ်သည် (ပုဒ်မ ၈၃)။ ဝန်ကြီးအဖွဲ့သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရသည်။လွှတ်တော်အစည်းအဝေးကျင်းပစဉ်ကာလ မဟုတ်လျှင် နိုင်ငံတော်ကောင်စီကို တာဝန်ခံရမည် (ပုဒ်မ ၈၄)။ ဝန်ကြီးအဖွဲ့သည် တစ်နိုင်ငံလုံး၏ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ နှစ်တိုနှစ်ရှည် စီးပွားရေးစီမံကိန်းများ၊ နှစ်စဉ်ဘတ်ဂျက်၊ အခွန်အကောက်၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်ကောင်စီမှ သတ်မှတ်ပေးသည့်တာဝန်များ၊ ဆုံးဖြတ်ချက်များ၊ အမိန့်များကိုအကောင်အထည်ဖော် ဆောင်ရွက်ရသည် (ပုဒ်မ ၈၇ ၊ ၈၈ ၊ ၈၉)။
တစ်နည်းအားဖြင့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့သည် ဗဟိုအစိုးရအဖွဲ့ဖြစ်သည်။ ယင်းကို နိုင်ငံတော်ကောင်စီဝင်များမှရွေးချယ်သည်။ နိုင်ငံတော်ကောင်စီဝင်များမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး နိုင်ငံတော်ကောင်စီဝင်အဖြစ် လွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ ဗဟိုအစိုးရအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့သည် လွှတ်တော်နှင့် နိုင်ငံတော်ကောင်စီက ချမှတ်ပေးသောအလုပ်များကို လက်တွေ့အကောင်အထည်ဖော်ရသည့် အဖွဲ့သာဖြစ်သည်။ ယင်းအဖွဲ့က တစ်နိုင်ငံလုံးကို ဗဟိုဦးစီးစနစ်ဖြင့် စီမံအုပ်ချုပ်သည်။
နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးအဖွဲ့လက်အောက်တွင် ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီများ ၊ မြို့ နယ်ပြည်သူ့ကောင်စီများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုပြည်သူ့ကောင်စီများရှိသည်။ ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီများ၊ မြို့နယ်ပြည်သူ့ကောင်စီများတွင် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ကောင်စီဝင်များဖြင့်ဖွဲ့စည်းသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီများတွင် အလုပ်အမှုဆောင်အဖွဲ့နှင့် တရားသူကြီးအဖွဲ့ရှိသည်။ ယင်းတို့သည် ဗဟိုမှချမှတ်သော မူဝါဒများ၊ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ရသောအဖွဲ့များ ဖြစ်သည်။
အချုပ်အားဖြင့် နိုင်ငံတော်အုပ်ချုပ်ပုံစနစ်မှာ ဤသို့ဖြစ်သည်။ မြို့နယ်ကို ကိုယ်စားပြုသော ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းသည်။ ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းသည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတဖြစ်သည်။ နိုင်ငံတော်ကောင်စီက ဝန်ကြီးအဖွဲ့၊ တရားသူကြီးအဖွဲ့၊ ဥပဒေအကျိုးဆောင်အဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။
ဝန်ကြီးအဖွဲ့က တိုင်းပြည်ကိုအုပ်ချုပ်သည်။ ဝန်ကြီးအဖွဲ့သည် စီမံကိန်းများနှင့် စီမံကိန်းဥပဒေကြမ်းများ၊ ငွေဥပဒေကြမ်းများကို လွှတ်တော်သို့တင်သွင်းသည်။ လွှတ်တော်က ဥပဒေကိုပြုသည်။ ပြည်သူ့တရားသူကြီးအဖွဲ့က တရားစီရင်ရေးကိုဆောင်ရွက်သည်။ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က ဝန်ကြီးဌာနများ၏ လုပ်ငန်းများကို စစ်ဆေးသည်။ ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီများကို ဖွဲ့စည်းသည်။ ယင်းတွင် ကောင်စီဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ထပ်မံဖွဲ့စည်းသည်။ အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌသည် ယင်းပြည်နယ်/တိုင်း၏ ဥက္ကဋ္ဌဖြစ်သည်။ ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီများသည် နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးအဖွဲ့၏ စီမံကိန်းများ၊ ဆုံးဖြတ်ချက်များ၊ အမိန့်များကို အကောင်အထည်ဖော်ဆောင်ရသည်။ ပြည်နယ်နှင့်တိုင်း တရားသူကြီးအဖွဲ့က တရားစီရင်ရေးကို ဆောင်ရွက်ပြီး ပြည်နယ်နှင့်တိုင်း လုပ်ငန်းစစ်ဆေးရေးအဖွဲ့များက လုပ်ငန်းများကိုစစ်ဆေးသည်။
မြို့နယ်ပြည်သူ့ကောင်စီဝင်များဖြင့် မြို့နယ်ပြည်သူ့ကောင်စီကို ဖွဲ့စည်းသည်။ ယင်းတွင် အလုပ်အမှုဆောင်အဖွဲ့၊ တရားသူကြီးအဖွဲ့နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ထပ်မံဖွဲ့စည်းသည်။ လုပ်ငန်းလည်ပတ်ပုံမှာ ပြည်နယ်နှင့်တိုင်းများကဲ့သို့ပင် ဖြစ်သည်။ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း ထို့အတူပင် ဖွဲ့စည်းသည်။ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ မပါသည်သာ ကွဲလွဲသည်။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အား ဗဟိုမှ အောက်ခြေအထိ တိုက်ရိုက်ဖွဲ့စည်းသည်။
အုပ်ချုပ်မှုယန္တတရားတစ်ခုလုံးကို လွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်ကောင်စီက ဦးဆောင်ကာ ဝန်ကြီးအဖွဲ့နှင့် ဒေသဆိုင်ရာပြည်သူ့ကောင်စီအဆင့်ဆင့်က လက်တွေ့ အကောင်အထည်ဖော်ရသည်။ ယင်းတို့အားလုံး၏ အချုပ်အခြာအညှာကိုင်အဖွဲ့အစည်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ဖြစ်သည်။ အပြန်အလှန်ထိန်းညှိခြင်းမျိုးသည် ပါတီတွင်း၌သာရှိနိုင်သဖြင့် ထိရောက်မှုမရှိချေ။ နိုင်ငံတော်သည် တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးသဖြင့် ဌာနေလူမျိုးစုများ၏အခွင့်အရေးများ နစ်နာဆုံးရှုံးရသည့်အထဲတွင် တစ်ပါတီစနစ်ဖြစ်၍ ပါတီ၏ ဗိုလ်ကျစိုးမိုးခြင်း၊ အခွင့်ထူးခံလူတန်းစားပေါ်ပေါက်လာခြင်း၊ ဘက်လိုက်ခြင်း၊ ခြစားခြင်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းနှင့် စီမံကိန်းများမအောင်မြင်မှု၊ ဆင်းရဲမွဲတေမှု၊ ကမ္ဘာကြီးနှင့် အဆက်ပြတ်ကာ အမှောင်ချခံရမှုများထဲတွင် ပြည်သူများနစ်မွန်းနေခဲ့ကြသည်။ တစ်ပါတီစနစ် ဖြစ်ရသည့် အထဲတွင်မှ ဗိုလ်နေဝင်းတစ်ဦးတည်းက အာဏာရှင်အဖြစ် ပါတီ၊ စစ်တပ်နှင့် အရပ်ဖက်ကိုပါ ချုပ်ကိုင်ထားကာ ၄င်း၏သစ္စာခံတပည့်စစ်ဗိုလ်များဖြင့် တိုင်းရင်းသားလူမျိုးစုများကို ဖိနှိပ်သည်ဆိုခြင်းထက် ပို၍ဆိုးရွားစွာ အုပ်ချုပ်ခဲ့လေသည်။
(ဂ) ရွေးချယ်တင်မြှောက်ပုံ
၁၉၇၄ အခြေခံဥပဒေတွင် ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ရန်အတွက် မဲဆန္ဒနယ် (၄) မျိုးခွဲခြားထားသည်။ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီ၊ မြို့နယ်ပြည်သူ့ကောင်စီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့ကောင်စီတို့ဖြစ်သည် (ပုဒ်မ ၁၇၅)။

သို့ရာတွင် အဓိကအချက်မှာ ပြည်သူများ မဲပေးရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်းအသီးသီးကို မဆလပါတီကသာ အမည်စာရင်း တင်သွင်းနိုင်ခြင်းဖြစ်သည် (ပုဒ်မ ၁၇၉)။ ယင်းသည် ပါတီ၏ ချုပ်ကိုင်ခြယ်လှယ်နိုင်မှု၊ ဗိုလ်ကျအနိုင်ကျင့်မှုနှင့် အဂတိလိုက်စားမှုတို့ကို မြင့်တက်စေကာ ဒီမိုကရေစီအနှစ်သာရများကို ပျက်ပြားစေပြီး ဒေသတွင်း အာဏာရှင်လူတစ်စုကို ဖန်တီးမွေးထုတ်ပေးခဲ့သည်။
ဤသို့ဖြင့် ဗိုလ်နေဝင်းနှင့် ၄င်း၏နောက်လိုက်များသည် ၄င်းတို့၏ တစ်ပါတီအာဏာရှင်စနစ် တည်မြဲ ရေးအတွက် ပြည်သူ့ကိုယ်စားလှယ် အမှန်တကယ်ဖြစ်ခြင်း မဖြစ်ခြင်း၊ အရည်အချင်းရှိခြင်း မရှိခြင်းထက် ၄င်းတို့၏ သစ္စာခံဖြစ်ခြင်း မဖြစ်ခြင်းကိုသာ ဦးစားပေးခဲ့သည်။ မဆလပါတီ၏ ပါတီတွင်းဒီမိုကရေစီမှာ ဘုရားစူး၊ မိုးကြိုးပစ် ကျိန်တွယ်ရသော ဒီမိုကရေစီဖြစ်ပြီး၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ခြင်းနှင့် ပြည်သူများက လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရခြင်း ဆိုသည်မှာလည်း ဘဝရှင်ဝင်းတြားကြီး၏ အလိုတော် အတိုင်းသာဖြစ်လေသည်။
(ဃ) ဗဟိုချုပ်ကိုင်မှုများ
၁၉၇၄ အခြေခံဥပဒေတွင် နိုင်ငံတော်အား မဆလ တစ်ပါတီတည်းမှ ဦးဆောင်သည် ( ပုဒ်မ ၁၁ )။ သို့ဖြစ်၍ အခြားနိုင်ငံရေးအသင်းအပင်း ဖွဲ့ခွင့်မရှိချေ။ သို့ဖြစ်လျှင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များနှင့် ဆုံးရှုံးနစ်နာမှုများကို ထုတ်ဖော်ပြောကြားရန်၊ တောင်းဆိုညှိနှိုင်းရန် အခွင့်အရေးမှာ မဆလ ပါတီတွင်း၌သာရှိမည်။ မဆလ ပါတီအဆင့်ဆင့်သည် ရာထူးရရှိရေးနှင့် တည်မြဲရေးအတွက် ဗိုလ်နေဝင်းနှင့် ၄င်းနောက်လိုက်များ၏ အမိန့်ကို ဘုရားဟောပညတ်တော်ကဲ့သို့ လိုက်နာနေကြသည်ဖြစ်ရာ ခရီးမရောက်နိုင်ပေ။ အကယ်၍ တင်ပြနိုင်သည်ဆိုစေကာမူ မဆလပါတီ၏ ဂေါ့ဖားသားကြီး ဗိုလ်နေဝင်းက လက်သင့်ခံမည်ကားမဟုတ်ချေ။

ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှာလည်း မဆလ ပါတီမှ စာရင်းတင်သွင်းသူများကိုသာလျှင် ရွေးကြရသည်သာဖြစ်သည် (ပုဒ်မ ၁၇၉)။ ယင်းကောင်စီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဗိုလ်နေဝင်း သရဏံ ဂစ္ဆာမိ၊ ပါတီ သရဏံ ဂစ္ဆာမိ၊ ရာထူး သရဏံ ဂစ္ဆာမိ ဟု ရွတ်ဆိုနေကြသူများသာ အများစုဖြစ်ရာ လူမျိုးစုအခွင့်အရေးနှင့် နစ်နာချက်များမှာ ချောင်ထိုးခံနေကြ ရမည်သာဖြစ်သည်။
၁၉၄၇ – ၁၉၇၄ – ၂၀ဝ၈ စသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အဓိကအချက်များအဖြစ်
(၁) နိုင်ငံတော်သည် တစ်နိုင်ငံလုံးရှိ ရေ၊ မြေ အားလုံးကိုပိုင်သည်။
(၂) ယင်းတို့ကို စီမံခန့်ခွဲနိုင်သည်။
(၃) ဗဟိုအစိုးရအဖွဲ့သည် တစ်နိုင်ငံလုံးကို စီမံအုပ်ချုပ်နိုင်သည်။
(၄) ဗဟိုအစိုးရအဖွဲ့ကို ဗမာများက ဦးဆောင်ဖွဲ့ စည်းနိုင်ရမည်။
(၅) တိုင်းရင်းသားလူမျိုးစုများကို ဗမာများက အုပ်ချုပ်မည် သို့မဟုတ် သက်ဆိုင်ရာတိုင်းရင်း သားများထဲမှ ဗမာဗဟိုအစိုးရအဖွဲ့၏ သြဇာခံများကို တစ်ဆင့်အုပ်ချုပ်ခိုင်းမည် သို့မဟုတ် အုပ်ချုပ်မည့်သူအား ဗမာဗဟိုအစိုးရက ခန့်ထားမည်။
(၆) တစ်နိုင်ငံလုံးရှိ ကြီးမားသော စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံ မှုများနှင့် အခွန်ကောက်ခံမှုအများစုကို ဗဟိုအစိုးရက လုပ်ဆောင်မည်
စသည်တို့အား အခိုင်အမာ ထည့်သွင်း ထားကြသည်။
ထို့ကြောင့် ၁၉၇၄ အခြေခံဥပဒေတွင်လည်း တစ်ပြည်လုံးရှိ ရေ၊ မြေ၊ ရေပေါ်ရေအောက်၊ မြေပေါ်မြေ အောက်၊ လေထုတွင်းရှိ သယံဇာတအားလုံးကို နိုင်ငံတော်ကပိုင်သည်။ ယင်းတို့ကို နိုင်ငံတော်က စီမံခန့်ခွဲမည် (ပုဒ်မ ၁၈ (က)(ခ))ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရကား ဗိုလ်နေဝင်းတို့လူစုသည် ဌာနေလူမျိုးစုတို့၏ သယံဇာတများအား စိတ်ကြိုက် လုပ်ချင်တိုင်း လုပ်ခဲ့ကြလေသည်။ ယင်းအတွက် ဌာနေလူမျိုး စုတို့မှာ ဥပဒေဘောင်အတွင်းမှ ပြောဆိုရန် အခွင့်မရသည်ဖြစ်ရကား လက်နက်ကိုင်စွဲခြင်းလမ်းကြောင်းကိုသာ လျှောက်ခဲ့ကြရလေသည်။
မဆလပါတီသည် ကုန်ထုတ်လုပ်ငန်းများကို အစိုးရပိုင်ပြုလျက် နှစ်တို၊နှစ်ရှည် စီမံကိန်းများဖြင့် တိုင်းပြည်၏စီးပွားရေးကို လည်ပတ်သည် (ပုဒ်မ ၁၉)။ အကယ်စင်စစ်၌မူ ဌာနေလူမျိုးစုများ၏ သယံဇာတများ နှင့် သဘာဝကုန်ကြမ်းများကို ရောင်းစားကာ ၄င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် စစ်တပ်အင်အားကြီးထွားရေးကိုသာ လုပ်ဆောင်နေခဲ့ကြသည်။
စင်စစ်၌မူ ၁၉၄၇ အခြေခံဥပဒေတစ်ခုလုံးသည် ဗမာဗဟိုချုပ်ကိုင်မှုကို ပုံဖော်ထားခြင်းသာဖြစ်၍ အထူးတလည်သုံးသပ်နေစရာပင် မလိုပေ။ ထို့ပြင် ပုဒ်မ ၂၈ တွင် နိုင်ငံတော်အား ဗဟိုဦးစီးစနစ်ဖြင့် အပေါ်မှ အောက်ခြေထိ အဆင့်ဆင့်အမိန့်ပေးအုပ်ချုပ်မည်ဟု အတိအကျပြဋ္ဌာန်းထားပြီး (ပုဒ်မ ၃၂) တွင် လွှတ်တော် တစ်ရပ်တည်းသာရှိခြင်း၊ (ပုဒ်မ ၃၃) တွင် ယင်းလွှတ်တော်မှ နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းခြင်း၊ ( ပုဒ်မ ၃၄) အရ ဗဟို အာဏာပိုင်အဖွဲ့အစည်း (၄) ဖွဲ့ကို ဖွဲ့စည်းထားခြင်း၊ (ပုဒ်မ ၃၅) တွင် ပြည်နယ်နှင့်တိုင်း၊ မြို့ နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီများဖွဲ့စည်းခြင်း၊ ပုဒ်မ (၃၆) နှင့် (၃၇) တို့သည်လည်းကောင်း၊ အခန်း (၄) ပြည်သူ့လွှတ်တော်၊ အခန်း (၅) နိုင်ငံတော်ကောင်စီနှင့် အခန်း (၆) ဝန်ကြီးအဖွဲ့ စသည်တို့သည် ဌာနေတိုင်းရင်းသားများအပေါ် ဗမာဗဟိုချုပ်ကိုင်မှုအပြည့်အဝရယူထားခြင်းပင် ဖြစ်သည်။