နေထက်မိုးဇော် ရေးသည်
ဗမာနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်တို့သည် မြန်မာပြည်အား ဗမာများက စိတ်တိုင်းကျ ကြိုးကိုင် ချယ်လှယ်အုပ်ချုပ်နိုင်ရန်အတွက် အမည်နာမအားဖြင့် လူကြားကောင်းသည့် တံဆိပ်အမျိုးမျိုးကပ်ခဲ့ကြသော် လည်း အနှစ်သာရအားဖြင့် တစ်ပြည်ထောင်အုပ်ချုပ်ရေးကို ထူထောင်ခဲ့ကြသည်။
၎င်းတစ်ပြည်ထောင်အုပ်ချုပ်ရေးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ကြိမ် ရေးဆွဲခဲ့ကြသည်။ သို့ ရာတွင် ၎င်းအုပ်ချုပ်ရေးများသည် အောင်မြင်ခြင်းမရှိဘဲ ကျရှုံးခဲ့ကြရပြီးဖြစ်သည်။ သို့ဖြစ်၍ ဤလေ့လာဆန်း စစ်မှုတွင် တစ်ပြည်ထောင်ဖွဲ့စည်းမှုနှင့် တစ်ပြည်ထောင်အုပ်ချုပ်ရေးသည် မြန်မာပြည်တွင် အဘယ်ကြောင့် မအောင်မြင်ခဲ့ရသည်များကို သုံးသပ်ထားပြီး ယင်းတို့သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ကြရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည်။
မြန်မာပြည်တွင် ရေးဆွဲပြဌာန်းခဲ့ပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ခုအား အောက်ပါအတိုင်း အပိုင်း (၃) ပိုင်းခွဲ၍ သုံးသပ်စိတ်ဖြာသွားမည်ဖြစ်သည်။
(၁) ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
(၂) ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၃) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၁) ၁၉၄၇ – ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
(က) အကြိုကာလ – နောက်ခံအကြောင်းတရားများ
စင်စစ်၌ အင်္ဂလိပ်သုံးရိုးကိုလိုက်၍ ဗမာပြည်မဟု ဆိုရသော်လည်း ယင်း၌ သမိုင်းတစ်လျှောက် နိုင်ငံထူထောင်နေထိုင်ခဲ့သော ရခိုင်နှင့်မွန်ဒေသများအပြင် ကရင်ဒေသများပါ ပါဝင်လျက်ရှိသည်။

၁၉၄၆ – ၄၇ ခုနှစ်များတွင် ဗမာပြည်မဟုခေါ်သောဒေသသည် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရရှိရန် သေချာသလောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။
ဗမာပြည်မသည် ထိုသို့လွတ်လပ်ရေးရရှိရန် အခြေအနေသို့ ရောက်ရှိနေသော်လည်း တောင်တန်း ဒေသများကိုပါ တစ်ပေါင်းတည်းလွတ်လပ်ရေးရယူရန် ကြိုးပမ်းအားထုတ်လာသကဲ့သို့ တောင်တန်းသားများ ကလည်း ဗမာပြည်မနှင့်အတူ လွတ်လပ်ရေးရရှိရန် လုံးပမ်းမှုများကို သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရမည် ဖြစ်သည်။
ယင်းသို့ကြိုးပမ်းကြရခြင်း၏ နောက်ခံအကြောင်းတရား ဖြစ်နိုင်ခြေများကို အောက်ပါအတိုင်း သုံးသပ် ကြည့်နိုင်သည်။
.
ဗမာနိုင်ငံရေးသမားများ၏ နောက်ခံအကြောင်းတရားဖြစ်နိုင်ခြေများ
(၁) ဗမာပြည်မအား လွတ်လပ်ရေးပေးရသည့်တိုင် အင်္ဂလိပ်များက တောင်တန်းဒေသများအား ဆက်လက်အုပ်ချုပ်နိုင်ရန် ခွဲခြားထားသည်ကို ကိုလိုနီဖြစ်ရသည့် ဘဝတူချင်းအတူတကွ လွတ်လပ်ရေးရစေလိုခြင်း။
(၂) သမိုင်းအစဉ်အဆက် အိမ်နီးချင်းဒေသများဖြစ်ခဲ့သော တောင်တန်းဒေသများနှင့်ပူးပေါင်းကာ ပြည်ထောင်စုဖွဲ့လျက် တောင့်တင်းသော နိုင်ငံတစ်ခုထူထောင်ရန် ရည်ရွယ်ခြင်း။
(၃) ဗမာတို့သည် ထိုစဉ်အခါက တောင်တန်းသားများထက် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် ရှေ့ရောက်နေကြသည်ဖြစ်ရာ တောင်တန်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ထိုက်သင့်သောအာဏာခွဲဝေမှုကို ရစေလျက် ပြည်ထောင်စုတစ်ခုလုံးကို ဗမာတို့က ဦးဆောင်စီမံခန့်ခွဲမှုပြုကာ ဗမာပြည်ထောင်စုနိုင်ငံတော်ကို တည်ထောင်ရန် ရည်ရွယ်ခြင်း။
သို့ရာတွင် အခြားတစ်ဖက်မှ နောက်တစ်မျိုးဖြစ်နိုင်ခြေများကို စဉ်းစားကြည့်လျှင် –
(၁) ဗမာဘုရင်များသည် သမိုင်းအဆက်ဆက် မဟာဗမာနိုင်ငံထူထောင်ရန် အိမ်နီးချင်းပြည်ထောင်များကို တိုက်ခိုက်သိမ်းပိုက်လေ့ရှိသည်။ သို့ရာတွင် လက်ရှိ အင်္ဂလိပ်များအုပ်ချုပ်နေသော နယ်မြေပိုင်နက်အထိ သိမ်းပိုက်၍ မရခဲ့ဖူးချေ။ လက်ရှိအခြေအနေတွင် အင်္ဂလိပ်တို့ထံမှ အင်္ဂလိပ်အုပ်ချုပ်ခံ ပိုင်နက်နယ်မြေအားလုံးကို ဗမာများက တောင်းယူရရနိုင်ခြေရှိနေသည်။
(၂) တောင်တန်းသားများမှာ ဗမာပြည်မလွတ်လပ်ရေးရခါနီးတွင် အင်္ဂလိပ်များက လွတ်လပ်ရေးနှင့် မတန်သေးဟူသောသဘောဖြင့် ဖယ်ချန်ခံရသည့် အနေအထားကြောင့် ဗမာပြည်မနှင့်တန်းတူ၊ တစ်ပြိုင်နက် လွတ်လပ်ရေး ရယူချင်နေသော်လည်း ဗမာများလောက် နိုင်ငံရေးအခွင့်အရေးမရခြင်းကြောင့် ဗမာပြည်မနှင့် အတူတကွ ပူးပေါင်းယူလျှင် လွတ်လပ်ရေးရနိုင်ခြေရှိနေခြင်းသည် ဗမာများအတွက် အခွင့်ကောင်းကြီး ဖြစ်နေသည်။
(၃) ဗမာနိုင်ငံရေးသမားများ၏ နိုင်ငံရေး ရှေ့ရောက်နေမှု၊ ဖဆပလ၏ အရှိန်အဝါ ကြီးမားမှုနှင့် ယင်းကိုအခြေပြု၍ တောင်တန်းဒေသများကိုပါ ဖဆပလများ ထိုးဖောက်ဝင်ရောက်မှု၊ ဥပဒေတတ်ကျွမ်းမှုနှင့် စကားပရိယာကြွယ်ဝမှုတို့ကိုအားပြုလျက် တောင်တန်းဒေသနှင့် တိုင်းရင်းသားဒေသများအား ပြည်ထောင်စုအမည်ခံကာ ဗမာနိုင်ငံတော်အတွင်းသွတ်သွင်း၍ သတ်မှတ်ထားသော အုပ်ချုပ်ခွင့်အချို့အား ခွဲဝေပေးကာ အုပ်ချုပ်စီမံခံ လူမျိုးများ၊ ဒေသများအဖြစ်ပါဝင်စေလျက် မဟာဗမာလူမျိုးကြီး၊ မဟာဗမာနိုင်ငံတော် တည်ထောင်လိုခြင်း ။
တောင်တန်းသားများနှင့် ဌာနေတိုင်းရင်းသားများ၏ နောက်ခံအကြောင်းတရား ဖြစ်နိုင်ခြေများ
(၁) အင်္ဂလိပ်များက တောင်တန်းဒေသများအား လွတ်လပ်ရေးပေးချိန်မတန်သေးဟု ယူဆကာ ဆက်လက်အုပ်ချုပ်ရန် စီစဉ်သည်ကို –
(က) ဗမာများနှင့်တန်းတူအခွင့်အရေးရလိုခြင်း၊ တန်းတူလွတ်လပ်လိုခြင်း ။
(ခ) ယင်းကို ဗမာနိုင်ငံရေးခေါင်းဆောင်များက ဆက်လက်မီးထိုးပေးကြခြင်း။
(၂) တောင်တန်းဒေသများအား လက်ရှိအုပ်ချုပ်ရေးမျိုးမဟုတ်ဘဲ တောင်တန်းသားများလိုချင်သည့် ပြည်နယ်အဆင့်မျိုးသတ်မှတ်ပေးရန် အင်္ဂလိပ်များက ငြင်းဆန်ပြီး တောင်တန်းဒေသအုပ်ချုပ်ရေးဌာနကို ဖွဲ့စည်းကာအုပ်ချုပ်သောကြောင့် ယင်းမှာ ဗမာများထက်လွန်စွာနိမ့်ကျပြီး ခွဲခြားဆက်ဆံခံရသော အုပ်ချုပ်ရေးမျိုးဖြစ်သည်ဟု တောင်တန်းသားများက မှတ်ယူကြခြင်း ။
(၃) တောင်တန်းသားများအနေဖြင့် အင်္ဂလိပ်လက်အောက်တွင် တောင်တန်းဒေသအုပ်ချုပ်ရေး ဌာန၏ အုပ်ချုပ်ခံအဖြစ်နေမည်လား၊ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသအဖြစ် ဗမာနိုင်ငံသို့ဝင်မည်လားဟု ရွေးစရာဖြစ်လာအောင် အင်္ဂလိပ်တို့က တွန်းအားပေး သကဲ့သို့ဖြစ် နေခြင်း ။
(၄) စကားပရိယာကြွယ်ပြီး ဥပဒေကိုတတ်ကျွမ်းသော ဗမာနိုင်ငံရေးသမားများက ပေးသောကတိများသည် (အင်္ဂလိပ်ပေးသော အခွင့်အရေးနှင့်နှိုင်းစာလျှင်) မက်လောက်စရာအခြေအနေတစ်ခု ဖြစ်နေပြီး၊ ဖဆပလနှင့် ဗမာနိုင်ငံရေးအခြေအနေ၏ လွှမ်းမိုးမှုကို ခံရခြင်း ။
(၅) တောင်တန်းသားများသည် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများမှာ အတိုင်းအတာတစ်ခုအထိ မပြည့်စုံသေးဟု ယူဆနေကြပြီး ယင်းတို့ကို တိုးတက်လာအောင် ဗမာနိုင်ငံနှင့်ပေါင်းစည်းကာ လုပ်ဆောင်လျှင်ရမည်ဟု ယုံမိကြခြင်း ။
(ခ) ဗမာတစ်ပြည်ထောင်စနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း
ဗမာနိုင်ငံရေးခေါင်းဆောင်များသည် လွတ်လပ်ပြီးနောက်တည်ထောင်မည့် မြန်မာနိုင်ငံတော်အား နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အလမ်းတူ၊ အဆင့်အတန်းတူ ပြည်နယ်များ ပေါင်းစည်းပြီး ဖယ်ဒရယ်ပြည်ထောင်စုစစ်စစ်နိုင်ငံမျိုးကို တည်ထောင်ရန်ဆန္ဒမရှိဘဲ ဗမာပြည်ထောင်စုနိုင်ငံတော်အတွင်းသို့သာ အခြားသောလူမျိုးစုများအား ဗမာများကသတ်မှတ်ပေးသော နိုင်ငံရေးအဆင့်အတန်း၊ ဗမာများက ခွဲဝေပေးသောအုပ်ချုပ်မှုအာဏာနှင့် ဗမာများက ထောက်ပံ့ပေးကမ်းသော ဘဏ္ဍာငွေများအောက်တွင် အုပ်ချုပ်ခံဒေသများအဖြစ် သွတ်သွင်းလိုသောဆန္ဒသာလျှင် ရှိသည်ဟု ဆိုနိုင်သည်။
၁၉၄၅ ခုနှစ် ဇွန်လအတွင်းကပင် ဖတပလ သည် ဗမာနိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေအတွက် အောက်ပါအခြေခံအင်္ဂါရပ်များကို ရေးဆွဲခဲ့သည်။
(၁) လွှတ်တော်နှစ်ရပ်ထားရှိရန်၊ ပြည်သူတစ်ရပ်လုံးက ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော်နှင့် ရခိုင်၊ ကရင်၊ ကချင်၊ ချင်းနှင့် ရှမ်းတို့အား ဗမာတို့နှင့်အချိုးတူ ကိုယ်စားလှယ်များပါဝင်ခွင့်ပြုသော လူမျိုးစုလွှတ်တော်ထားရှိရန်၊ လွှတ်တော်နှစ်ရပ်တွင် အာဏာညီတူမျှစွာ ပေးထားရန်၊ ဥပဒေကြမ်းကို အတည်ပြုမှုရယူရာတွင် လွှတ်တော်နှစ်ရပ်စလုံး၏ သဘောတူညီမှုကို ရယူရန်၊ အကယ်၍ အငြင်းပွားမှုရှိခဲ့သော် လွှတ်တော်နှစ်ရပ်စလုံး ပူးတွဲအစည်းအဝေးကျင်းပ၍ အများစုမဲဆန္ဒဖြင့် ဆုံးဖြတ်ရန် ။
(၂) ဝန်ကြီးအဖွဲ့တွင် အရေးပါသော လူမျိုးတစ်ခုစီအတွက် ဝန်ကြီးများပါဝင်ခွင့်ပြုရန်၊ ဝန်ကြီးအဖွဲ့သည် ဥပဒေပြုလွှတ်တော်အား တာဝန်ခံရန် ။
(၃) ပြင်သစ်ပုံစံအတိုင်း သမ္မတတစ်ဦးကို သီးခြားရွေးကောက်တင်မြှောက်ရန် ။
(၄) ခိုင်မာတောင့်တင်းသော ပြည်ထောင်စုအာဏာတည်ဆောက်ရန်၊ သို့ရာတွင် လိုအပ်၍ တောင်းဆိုလာပါက ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်များအား ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်၊ မဖွံ့ဖြိုးသေးသည့် တောင်တန်းဒေသမှ လူမျိုးစုများကိုမူ အထူးအုပ်ချုပ်ရေးလက်အောက်တွင် ထားရှိရန် ။
(၅) ပြည်နယ်အားလုံးအား ခွဲထွက်ခွင့်ပေးရန်၊ ထိုသို့ခွဲထွက်ရာတွင် အများစု၏ ဆုံးဖြတ်ချက် ရယူရန်လိုအပ်သဖြင့် ယင်းအချက်ကို တိုင်းပြည်ပြုလွှတ်တော်က အဆုံးအဖြတ်ပေးရန် ။
သို့ဖြစ်၍ ဖတပလ၏ ယင်းအခြေခံမူများကို အောက်ပါအတိုင်း ဆန်းစစ်ကြည့်နိုင်သည်။
အခြေခံမူနံပတ် (၁) – တစ်စုံတစ်ခုသောအကြောင်းကြောင့် လွှတ်တော်နှစ်ရပ်ပူးတွဲအစည်းအဝေးတွင် ဆုံးဖြတ်ရသည်ရှိခဲ့သော် လူဦးရေများသည့် ဗမာတို့၏အလိုဆန္ဒကို တိုင်းရင်းသားများသည် မည်သည့်အခါမျှ ကျော်လွန်နိုင်မည်မဟုတ်ကြောင်း ဗမာတို့ကောင်းစွာသိထားပြီးဖြစ်သည်။ ယင်းသည် လူများစုဖြင့်အနိုင်ပိုင်း၍ စီမံအုပ်ချုပ်ခွင့်ကို ဥပဒေပြဋ္ဌာန်း ရယူထားခြင်းပင်ဖြစ်သည်။
အခြေခံမူနံပတ် (၂) – အရေးပါသောလူမျိုးစုနှင့် အရေးမပါသောလူမျိုးစုဟူ၍ ဗမာများက သတ်မှတ်ခွင့်ရှိနိုင်မည်လား။ ပြည်ထောင်စုတွင် လူမျိုးစုတိုင်း တန်းတူသောအခွင့်အရေးကို ရထိုက်သည်။ ပြည်ထောင်စုဝင်လူမျိုးစုများကို ခွဲခြားဆက်ဆံရန်မရှိပေ။
အရေးပါသည်ဟုဆိုသော လူမျိုးစုတစ်စုအတွက် အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်နေရာပေးထားသည်မှာ အပေါ်ယံကြည့်လျှင် ကြီးစွာသောလိုက်လျောမှုဟု ထင်မြင်စရာရှိသော်လည်း –
(က) ၄င်းဝန်ကြီးများကို မည်သူက ခန့် အပ်ခွင့်ရှိမည်နည်း၊
(ခ) ၄င်းဝန်ကြီးများသည် အစိုးရအဖွဲ့တွင်ပါဝင်သည်ဖြစ်ရာ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်၏ ဦးဆောင်စီမံခန့်ခွဲမှုကို လိုက်နာရမည်ဖြစ်ရာ ယင်းဝန်ကြီး ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုသည် ဗဟိုအစိုးရအဖွဲ့၏ လက်လက်အောက်သို့ အလိုလို ရောက်ရှိပြီးဖြစ်သည်။

(ဂ) ဝန်ကြီးအဖွဲ့သည် ဥပဒေပြုလွှတ်တော်အား တာဝန်ခံရမည်ဖြစ်ရာ – ဥပဒေပြုလွှတ်တော်သည် အနှစ်ချုပ် လိုက်လျှင် ဗမာများက လွှမ်းမိုးနေသည်ဖြစ်၍ ဝန်ကြီးအဖွဲ့ကိုယ်နှိုက်ကပင် ဗမာလွှတ်တော်၏ အဆုံးအဖြတ်ကို မလွန်ဆန်နိုင်ပေ။
အခြေခံမူနံပတ် (၄) – ဆိုလိုသည်မှာ ပြည်ထောင်စုအာဏာကို အစိုးရအဖွဲ့တစ်ဖွဲ့တည်း၏ လက် အောက်တွင် အခိုင်အမာတည်ဆောက်ထားရန်ဖြစ်သည်။ တစ်နည်းဆိုရလျှင် တိုင်းပြည်၏အာဏာသုံးရပ်စလုံးကို ဗမာများလက်ဝယ် အခိုင်အမာဆုပ်ကိုင်ထားရန်ဖြစ်သည်။ ရခိုင်၊ ကရင်၊ ရှမ်းများအား ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ပေးထားရန်နှင့် ချင်း၊ ကချင်တို့အား ဗဟိုအစိုးရလက်အောက်တွင် အထူးအုပ်ချုပ်ရေး မျိုးပေးထားရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အရေးပါသောဆုံးဖြတ်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ အုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့် နှင့် အခွန်ကောက်ပိုင်ခွင့်များမှာ ဗမာဗဟိုအစိုးရတွင်သာ ရှိရမည်ဟူသောသဘောကို သက်ရောက်နေသည်။
၁၉၄၇ ခုနှစ်တွင် ဗမာနိုင်ငံတော်အခြေခံဥပဒေရေးဆွဲရန်အတွက် ဗမာများစိုင်းပြင်းကြပြန်သည်။ သို့ဖြစ်၍ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက် နေ့မှ ၂၃ ရက်နေ့အထိ ဂျူဗလီဟောတွင် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကို ကျင်းပခဲ့ရာ ယင်းညီလာခံမှ အခြေခံဥပဒေ၏ အခြေခံသဘောတရား အဆိုပြု ချက် (၁၄) ချက်ကို အောက်ပါအတိုင်း အတည်ပြုခဲ့သည်။
(၁) မြန်မာနိုင်ငံတော်ကို လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာရန် ဤပဏာမပြင်ဆင်မှုညီလာခံသဘင်က လေးနက်ခိုင်မာစွာ ပြဋ္ဌာန်းလိုက်သည်။
(၂) တိုင်းပြည်ပြုလွှတ်တော်က ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အဆိုပါ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံတော်သည် –
(က) ယခုအထိ ဗြိတိသျှမြန်မာနိုင်ငံအတွင်းတွင် ပါဝင်နေသော
(၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ
(၂) ဟုမ္မလင်းခရိုင်ခွဲ
(၃) ဆင်ကလိုင်ခမ်းတီ
(၄) သောင်ဒွတ်
(၅) ဆောမရနယ်ပယ်
(၆) နာဂတောင်တန်းများ
(၇) သံလွင်ခရိုင်
(၈) ကံပက်လက်ခရိုင်ခွဲ
(၉) ရခိုင်တောင်တန်း နယ်ပယ်များဟူ၍ ခေါ်ဝေါ်သောဒေသများ
(ခ) ကိုးခမ်း နှင့် မောင်းပိုင် တို့အပါအဝင်ဖြစ်သော ရှမ်းပြည်ထောင်စု
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကံပက်လက်ခရိုင်ခွဲမပါသော ချင်းတောင်တန်းခရိုင်တို့ ပါဝင်သော ပြည်ထောင်စုနိုင်ငံတော် ဖြစ်ရမည်။
(၃ – ၁) အောက်ပါဂုဏ်အင်္ဂါ အားလုံးနှင့်သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း၊ ပြည့်စုံ၍ (ခ)(ဂ)(ဃ)(င) တို့၌ ဖော်ပြသော ဒေသများသည် ဤတိုင်းပြည် ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စုပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ လူမျိုးစုပြည်နယ် အဆင့်အတန်းကိုဖြစ်စေ ရရှိရမည်။ ထိုဒေသများသည် မိမိတို့အား အပ်နှင်း၍သော်လည်းကောင်း၊ လွှဲပြောင်း၍သော်လည်းကောင်း၊ ရရှိသောအာဏာနှင့် တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်။ ဂုဏ်အင်္ဂါများကား –
၁။ ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း ။
၂။ မြန်မာစကားနှင့်မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း ။
၃။ ယဉ်ကျေးမှုတစ်မျိုးတည်းရှိခြင်း ။
၄။ ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းသော လူစုရှိခြင်း ။
၅။ စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ ရှိခြင်း ။
၆။ လူဦးရေ အတော်အတန်ရှိခြင်း ။
၇။ ပြည်ထောင်စုအဖွဲ့ဝင်သီးခြားဒေသတစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်းတို့ ဖြစ်သည်။
(၃ – ၂) ထိုအာဏာများနှင့် တာဝန်များသည် ပဏာမပြင်ဆင်မှုညီလာခံသဘင်က ခန့်အပ်သော ကော်မတီ၏စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ကိုရပြီးမှ စဉ်းစားဆုံးဖြတ်ရမည့် အာဏာနှင့်တာဝန်များ ဖြစ်သည်။ ဆိုခဲ့ပြီးသော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့်ရရှိသော သဘောတူညီချက်သည် ဖဆပလ အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ကို ရရှိရမည်။
(၄) ( ဤနေရာမှစ၍ လာမည့်အပိုဒ်များတွင်) ပြည်ထောင်စုဥပဒေပြု အဖွဲ့ဟုခေါ်ဆိုအပ်သော ဗဟို ဥပဒေပြုအဖွဲ့၏ အာဏာပိုင်နက်သည် ပြည်ထောင်စုနိုင်ငံတစ်ဝန်းလုံးဖြစ်ရမည်။ ပြည်ထောင်စုပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ် သို့မဟုတ် လူမျိုးစုပြည်နယ် ဥပဒေပြုအဖွဲ့များသို့ သီးခြားလွှဲပြောင်းပေးသည့် ကိစ္စအမျိုးအစားထဲတွင် မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားသည်ဖြစ်စေ၊ ပြည်ထောင်စုဥပဒေပြုအဖွဲ့သည် အောက်၌ စီစဉ်ဖော်ပြထားသော ကိစ္စအမျိုးအစားတွင်ပါဝင်သည့် ကိစ္စအားလုံးတို့အပေါ်၌ ဥပဒေပြုအာဏာ ရရှိရမည်။
၁။ ပြည်ထောင်စုအစိုးရဌာနများ
၂။ ပြည်နယ်အချင်းချင်း ကိစ္စများ
၃။ (ထိုလုပ်ငန်းနှစ်မျိုးမှအပ ) ကျန်ကိစ္စများ
၄။ ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှုကိစ္စများ
၅။ ပြည်ထောင်စုနယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစုပြည်နယ် တို့မှလွဲ၍ ကျန်ဒေသများနှင့် စပ်လျဉ်းသောကိစ္စများ
( မှတ်ချက် ) – ( အထက်ပါ အပိုဒ်ကြီး ၄ ၊ အပိုဒ်ခွဲ ၅ တွင်ဆိုထားသော ကျန်ဒေသများအတွက် ဥပဒေပြုအဖွဲ့ များ သတ်သတ်ထားရှိမည် မဟုတ်ချေ။
(၅) ဤလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံသည်လည်းကောင်း၊ ထိုနိုင်ငံ အဖွဲ့ဝင် ပြည်နယ်ဒေသများသည်လည်းကောင်း၊ ထိုနိုင်ငံ၏ အစိုးရဌာနများသည်လည်းကောင်း အသီးသီး တို့သည် မိမိတို့၏ တန်ခိုးတေဇာနှင့် အာဏာအားလုံးတို့ကို တိုင်းသူပြည်သားတို့ထံမှ ထုတ်ယူသုံးစွဲရမည်။
(၆) လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်း တူညီမှု၊ အခွင့်အလမ်းတူညီမှု၊ တရားဥပဒေအရတူညီမှုတို့အပြင် တရားဥပဒေနှင့်လည်းကောင်း၊ လောကဝတ္တရားတို့နှင့်လည်းကောင်း သင့်မြတ်လျော်ကန်စေရမည်ဖြစ်သော လွတ်လပ်စွာတွေးကြံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာဘုရားကျောင်းကန်သွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်မှုတို့ကို ပြည်သူပြည်သားအားလုံးတို့ ရရှိခံစားနိုင်အောင် ဝန်ခံချက်ရှိရမည်။
(၇ – ၁ ) တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများဖြစ်သော
၁။ လူတို့၏အခွင့်အရေး
၂။ လူမျိုးနှင့်ယဉ်ကျေးမှု အခွင့်အရေး
၃။ ယဉ်ကျေးမှုတွင် မိမိတို့စရိုက်အရ ပြဋ္ဌာန်းနိုင်ခွင့်နှင့်တကွ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး
၄။ ဥပဒေပြုအဖွဲ့ တွင် ထိုက်သင့်သောကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး
ထိုအခွင့်အရေးတို့ကို လူမျိုးစုနှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့် လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇဝင်အစဉ်အလာအားဖြင့်လည်းကောင်း ကွဲပြားသောသူများလည်း ဖြစ် ၍ သက်ဆိုင်ရာအဖွဲ့ဝင်ဒေသတွင် လူဦးရေ (၁၀)ပုံ (၁)ပုံထက် မနည်းရှိသည့်သူများလည်းဖြစ်သော ပြည်သူ တစ်စုသည် ခံစားနိုင်ပါသည်ဟု ဝန်ခံချက် ရှိရမည်။
(၇ – ၂ ) ကရင်အမျိုးသားတို့နှင့် သက်ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံ ပေးရန် ကရင်ရေးရာအဖွဲ့တစ်ခုကို ဖွဲ့စည်းရမည်။
(၈) ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစုပြည်နယ်တို့အား ပိုင်းခြားသတ် မှတ် အပ်နှင်းလွှဲပြောင်း ပေးထားသောအာဏာများမှတပါး လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၌ရှိ၍ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက တည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရဌာနများကသော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။
(၉) ပြည်ထောင်စုနိုင်ငံတော်အတွင်းရှိ ပြည်သူအားလုံး၏ အထွတ်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်အကြီးအမှူးဖြစ်သည့် သမ္မတနှင့်တကွ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် နှစ်ရပ်ပါဝင်သော ပြည်ထောင်စုမဟာလွှတ်တော်တို့တွင် ပြည်ထောင်စုဥပဒေပြုအာဏာကို အပ်နှင်းထားရှိစေရမည်။ သမ္မတအား ပြည်ထောင်စုမဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော်အမတ်များကို လျှို့ဝှက်သော မဲဆန္ဒပေးစနစ်အရ အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော်တွင် ပြည် ထောင်စုပြည်နယ်မှလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်မှ လည်းကောင်း၊ လူမျိုးစုပြည်နယ်မှ လည်းကောင်း၊ တိုင်းရင်းသားလူနည်းစုမှလည်းကောင်း၊ အဖွဲ့ဝင်ဒေသတစ်ခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်းအပ်သော ကျန်ဒေသများမှလည်းကောင်း ကိုယ်စားလှယ်အမတ်များပါဝင်ရမည်။
(၁၀) တရားဥပဒေနှင့် ဤနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့က ပြဋ္ဌာန်းမည့် စည်းကမ်းချက် များကို ထောက်၍ ပြည်သူတို့တွင် မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အမတ်ကို နုတ် ပယ်ခေါ်ယူနိုင်သော အခွင့်အရေးရှိစေရမည်။
(၁၁) ပြည်ထောင်စုအစိုးရဟူ၍ ခေါ်ဆိုအပ်သည့် ပြည်ထောင်စုနိုင်ငံတော်၏ အချုပ်အခြာ အုပ်ချုပ်မှု အာဏာ တည်ရှိရာဖြစ်သော အစိုးရအဖွဲ့သည် ပြည်သူ့လွှတ်တော်အား တာဝန်ခံရမည်။
(၁၂) နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကသော်လည်းကောင်း၊ တရားဥပဒေကသော်လည်း ကောင်း၊ တည်ထောင်ထားသော တရားရုံးတော်များသည် တရားစီရင်ခြင်းကိုပြုရမည်။ ထိုတရားရုံးများက မဟာတရားရုံးတော်နှင့်တကွ ထိုတရားရုံးတော်၏ လက်အောက်ခံတရားရုံးများဖြစ်သည်။ တရားသူကြီးများ သည် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် တရားဥပဒေတို့ကိုသာထောက်၍ လွတ်လပ်စွာ တရားစီရင် ရမည်။ မဟာတရားရုံးတော်၏ တရားဝန်ကြီးများကို ပြည်ထောင်စုမဟာလွှတ်တော်က ရွေးကောက်တင် မြှောက်ရမည်။
(၁၃) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေတို့ တစ်ပေါင်းတစ်စည်း တည်း တည်ရှိနေသည်ဟူသော ဂုဏ်သိက္ခာသည်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ် အခြာအာဏာ စိုးမိုးအုပ်ချုပ်နိုင်သော အခွင့်အရေးများသည်လည်းကောင်း၊ ထိုဂုဏ်သိက္ခာ၊ ထိုအခွင့်အရေးများ သည် တရားမျှတမှုနှင့်လည်းကောင်း၊ တိုင်းကြီးပြည်ကြီးတို့၏ ဥပဒေနှင့်လည်းကောင်း လျော်ညီစွာ တည်တံ့ ခိုင်မြဲနေရမည်။
(၁၄) ကျွန်ုပ်တို့ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည် လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသောအဆင့်အတန်းကိုရရှိ၍ လူသတ္တဝါခပ်သိမ်းတို့၏ အကျိုးစီး ပွားကို တိုးတက်စေရန် မိမိ၌တာဝန်ရှိသည့်အလျောက် အစွမ်းကုန်အားထုတ်ဆောင်ရွက်ပြီးလျှင် ပြည်ထောင် အချင်းချင်း တရားမျှတမှုနှင့် လောကဝတ္တတရားတို့ကိုထောက်ကာ၊ အနိုင်နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကို ပြုထားလေသည်။
ဤအခြေခံမူ (၁၄) ချက်တွင်လည်း ဗမာတစ်ပြည်ထောင်စနစ်အတွက် ကြိုတင်ပြင်ဆင်ထားမှုများကို အောက်ပါအတိုင်းသုံးသပ်ကြည့်နိုင်သည်။
ဖဆပလအခြေခံမူ နံပတ်(၂)အချက်တွင် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည်ဟု ဆိုထားသော်ငြား နံပတ်(၃)အချက်သည် လူမျိုးစုတို့၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အဆင့်အတန်းတို့ကို အခြားလူမျိုးက အဆင့်သတ်မှတ်ကာ ကုမ္ပဏီမှအလုပ်လျှောက်လွှာခေါ်ယူမှု၌ အရည်အချင်းကန့်သတ်ထားသည့်ပမာ ဗမာ ပြည်ထောင်စုဝင်အဖြစ် လျှောက်လွှာတင်ကြရပြီး ဗမာတို့က အချို့အချို့တို့အားရွေးချယ်၍ သင့်ရာသင့်ရာ နေရာတို့၌ အလုပ်ခန့်အပ်ကာ သင့်တင့်လျောက်ပတ်သော အလုပ်တာဝန်များကို ဆောင်ရွက်စေသကဲ့သို့ ဖြစ်နေသည်။ ယင်းအလုပ်တာဝန်များမှာလည်း ဗမာနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာ တည်မြဲရန်၊ လူမျိုးစုများအားလုံး ဗမာနိုင်ငံတော်အတွင်းတွင် တစ်သွေးတစ်သံတစ်မိန့်အောက်၌ ငြိမ်ဝပ်စွာရှိကြရန်သာဖြစ်သည်။
(က) ပြည်ထောင်စုပြည်နယ်အဆင့်အတန်းကို ရရှိစေမည့် ဂုဏ်အင်္ဂါ (၇)ရပ်ဟူ၍ ဗမာတို့က သတ်မှတ်နိုင်ခွင့်ရှိပါသလား ။
(ခ) လူမျိုးစုများက ဗမာပြည်ထောင်စုအတွင်းသို့ ဝင်ခွင့်လျှောက်လွှာတင်နေကြ၍ အရည်အချင်း ကန့်သတ်ချက်များ သတ်မှတ်ရခြင်းလား ။
(ဂ) ယင်းသည် လူမျိုးစုတို့၏ရပိုင်ခွင့်ကို ကန့်သတ်လို၍ အဆင့်အတန်းခွဲခြားရခြင်းသာ ဖြစ်နိုင်ပေသည် ။
(ဃ) ဗမာပြည်မဟုခေါ်ဆိုနေကြသောဒေသတွင် ဖော်ပြပါဂုဏ်အင်္ဂါ(၇)ချက်နှင့် ပြည့်စုံသော လူမျိုးစု များ ( ဥပမာ- ရခိုင်၊ မွန် စသည်တို့ ) ရှိနေပါလျက် ၄င်းတို့အား ပြည်ထောင်စုပြည်နယ်များအဖြစ် ထည့်သွင်းဖွဲ့ စည်းခြင်းမရှိသည်မှာ မည်သည်ကြောင့်နည်း ။
(င) နိုင်ငံတွင်းရှိလူမျိုးစုများ၏ ပြည်နယ်များမစုံလင်သည့်အပြင် ဗမာသည်လည်း ပြည်နယ်တစ်ခု အဖြစ်အခြားလူမျိုးစုများနည်းတူ အဆင့်အတန်းတူ၊ အခွင့်အလမ်းတူပေါင်းစည်းထားခြင်းမျိူး မဟုတ်ခြင်း ။
(စ) ပြည်ထောင်စုအစိုးရသည် ပြည်နယ်များမှလွှဲအပ်သော အာဏာများကိုရရှိပြီး ကြွင်းကျန်သော အာဏာများကို ပြည်နယ်များက ရရှိသည့် ပြည်ထောင်စုစစ်စစ် စနစ်မျိုး မဟုတ်ဘဲ နံပတ် (၃-၁) တွင် ပါရှိသည့် အတိုင်း ထိုဒေသများသည် မိမိတို့အားအပ်နှင်း၍သော်လည်းကောင်း၊ လွှဲပြောင်း၍သော်လည်းကောင်း ရရှိ သောအာဏာနှင့်တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်ဟု ပါရှိသည်ဖြစ်ရာ အာဏာနှင့် တာဝန်များ အားလုံးကို ဗမာဗဟိုက ချုပ်ကိုင်ထားပြီး ကျန်လူမျိုးစုများအား လုပ်ပိုင်ခွင့်အနည်းငယ်ပေးအပ်လျက် ဗမာတစ်ပြည်ထောင် ဗဟိုဦးစီးစနစ်ကို ရှေးရှုခြင်းသာ ဖြစ်ပေသည်။
ဥပမာအားဖြင့် ကချင်ဒေသနှင့် ကချင်လူမျိုးစုများသည် ရှေးပဝေသဏီကပင် ကချင့်ပိုင်နက် နယ်မြေ ပေါ်တွင် ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် ဘိုးစဉ်ဘောင် ဆက်နေလာခဲ့သည်ကို ဗမာပြည်ထောင်စုနိုင်ငံသို့ ဝင်ရောက်ရန် သွေးဆောင်ခံရသည့်အပြင် ဝင်ရောက် မည်ဆိုပါက ပြည်ထောင်စုပြည်နယ် အဆင့်ရရန်ပင် မသေချာဘဲ ဗမာတို့သတ်မှတ်ထားသော အရည်အချင်း စံနှုန်းများနှင့် တိုင်းထွာခံရမည်ဆိုလျှင် ကိုယ့်အချုပ်အခြာနှင့်ကိုယ် သီးခြားလွတ်လပ်စွာနေကြသည်ကမှ ဆင်းရဲသည်ဖြစ်စေ၊ မတိုးတက်သည်ဖြစ်စေ ပြည်ထောင်စုဗမာကုမ္ပဏီ၏ ဝန်ထမ်းပြည်နယ်မဟုတ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ဂုဏ်သိက္ခာကို ရရှိဦးမည်ဖြစ်သည်။
၁၉၄၇ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုများ၊ နိုင်ငံဖွဲ့စည်းမှုပုံစံတို့နှင့် စပ်လျဉ်း ၍ မိန့်ခွန်းပြောကြားရာတွင် –
“ ဂျင်းဖော၊ ချင်း၊ ကရင်နီ၊ ကရင်တို့ကို လူမျိုးကြီးအင်္ဂါရပ်နှင့် မပြည့်စုံဟု ယူဆသည်။ ဂျင်းဖော လူမျိုးများမှာ စီးပွားရေးအကြောင်းကြောင့် လူမျိုးကြီးဟု မသတ်မှတ်နိုင်” ဟုလည်းကောင်း ၊
၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြစ်ကြီးနား၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်ခေါင်းဆောင် များ တွေ့ဆုံကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက –
” ပြည်မနှင့်အတူတကွ လွတ်လပ်ရေးယူလျှင် ကချင်ပြည်နယ်ရရန် အလားအလာရှိသည် “
ဟုလည်းကောင်း ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အား စီးပွားရေးအကြောင်းကြောင့် လူမျိုးကြီးအဖြစ် မသတ်မှတ်နိုင်ဟု ယူဆခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း သုံးသပ်ကြည့်နိုင်သည်။

(က) အင်္ဂလိပ်လက်အောက်တွင်ရောက်ရှိနေသည့် စီးပွားရေးအခြေအနေအား ပုံသေထားကာတွက် ချက်၍ မှန်ကန်မှုမရှိနိုင်ပေ။
(ခ) ကချင်ပြည်နယ်၏ သစ်တောများ၊ ကျောက်မျက်တွင်းထွက်များ၊ ရေအားလျှပ်စစ်၊ ခရီးသွား လုပ်ငန်း စသည်များနှင့်၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေးများကပင် ကုန်းတွင်းဒေသ ဗမာများထက် စီးပွားရေးအခွင့်အလမ်းပိုကောင်းနိုင်ပေသေးသည်။
(ဂ) ကချင်ပြည်နှင့် ကချင်လူမျိုးတို့၏ ရပိုင်ခွင့်သည် ကချင်တို့၏ အင်္ဂလိပ်လက်အောက်ရှိ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ လူဦးရေ စသည့်အခြေအနေများနှင့် မသက်ဆိုင်ဘဲ သမိုင်းကြောင်းအရ သီးခြားလွတ်လပ် သော ကိုယ်ပိုင်ပိုင်နက်နယ်မြေနှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်သည့် မျိုးနွယ်စုဖြစ်သည် ဟူသည့်အချက် က ပြည်ထောင်စုအတွင်း တန်းတူဖြစ်စေရမည် ဖြစ်သည်။
ဖဆပလအခြေခံမူ နံပတ် (၃) အချက်၏ ပုဒ်မခွဲ (၂)ပါ ဆိုလိုချက်သည် ထိုအချိန်က အင်အားကြီး လွှမ်းမိုးနေသော ဗမာအဖွဲ့ကြီးဖြစ်သည့် ဖဆပလ၏ သဘောတူညီချက်မပါလျှင် မည်သည့်လူမျိုးစုကမျှ အာဏာနှင့်တာဝန်များကို ရရှိနိုင်ခြင်း မရှိသည်ကိုဖော်ပြနေသည်။ ဖဆပလအဖွဲ့က ကျေနပ်လောက်သော အာဏာနှင့် တာဝန်များကိုသာ ရရှိနိုင်ပေလိမ့်မည်။
ဖဆပလ အခြေခံမူ နံပတ်(၄)အရ ပထမတန်းစားပြည်နယ်၊ ဒုတိယတန်းစားပြည်နယ်၊ တတိယ တန်းစားပြည်နယ်ဟူ၍ အင်္ဂလိပ်တို့၏ခွဲခြားအုပ်သည့် နည်းနာအတိုင်း အဆင့်ခွဲခြားထားသောဒေသများကို ဥပဒေပြုခွင့် အနည်းငယ်ပေးထားသော်လည်း ကျန်ကိစ္စအားလုံးကို ဗမာများက လွှမ်းမိုးချုပ်ကိုင်ထားမည့် ပြည် ထောင်စုဥပဒေပြုအဖွဲ့ကသာ အာဏာပိုင်ရရှိမည်ဖြစ်သည်။
ဖဆပလ အခြေခံမူ နံပတ်(၈)သည် အထက်တွင်ဖော်ပြထားသော အဆင့်အတန်းခွဲခြား သတ်မှတ် ထားသည့် လူမျိုးစုဒေသများကို လွှဲပြောင်းပေးထားသော အာဏာအနည်းငယ်မှတပါး တစ်ပြည်လုံး၏ အချုပ် အခြာအာဏာ (၃) ရပ်စလုံးကို ဗမာအစိုးရကသာ လက်ကိုင်ပြုထားသည်ဟု ဆိုလိုသည်။
ဖဆပလ အခြေခံမူ နံပတ်(၉)တွင် လွှတ်တော်နှစ်ရပ်က နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက် ရမည်ဖြစ်ရာ အရေအတွက်အားဖြင့်သာလွန်ပြီးဖြစ်သော ဗမာလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီ မှုမပါဘဲ မည်သည့်သမ္မတကိုမျှ အခြားလူမျိုးစုများက ရွေးချယ်တင်မြှောက်၍ မရနိုင်ပေ။ လူမျိုးစုလွှတ်တော် ဆိုသည်မှာလည်း ပြည်နယ်များစုံညီမှုမရှိသည့်အပြင် အရေအတွက်တူညီမှုမရှိသဖြင့် ပြည်ထောင်စု၏သဘော ကို မည်သို့မျှမဆောင်ပေ။
ဖဆပလ အခြေခံမူ နံပတ် (၁၁) တွင် ဗဟိုအစိုးရသည် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံသည်ဖြစ် ရာ ဗမာအများစုပါဝင်သော ဗဟိုအစိုးရသည် ဗမာအများစု လွှမ်းမိုးချုပ်ကိုင်ထားနိုင်မည့် ပြည်သူ့လွှတ်တော် အား တာဝန်ခံထားခြင်းသည် ဗမာအချင်းချင်း အယူအဆကွဲလွဲမှုမှလွဲ၍ အခြားလူမျိုးစုများအနေဖြင့် ဗဟိုအစိုး ရကို ထိန်းညှိ၍ မရနိုင်ပေ။
ဖဆပလ အခြေခံမူ နံပတ်(၁၂)အရ ပြည်ထောင်စုတရားရေးဌာနများကိုလည်း ဗမာကိုယ်စားလှယ် များ ကြီးစိုးထားမည့် လွှတ်တော်နှစ်ရပ်ပေါင်းကသာ ခန့်အပ်မည်ဖြစ်ရာ ဗမာများသည် တရားရေးကိုပါ ၄င်းတို့ ၏ ခါးပိုက်ထဲသို့ ထည့်ထားလိုက်ခြင်းပင်ဖြစ်သည်။
ဖဆပလ အခြေခံမူ နံပတ် (၁၃) တွင် ဖော်ပြထားသော “ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေတို့ကို တပေါင်းတစည်းတည်းတည်ရှိနေသည်ဟူသော ဂုဏ်သိက္ခာ” ဆိုသည်မှာ ဗမာ့အချုပ်အခြာအာဏာပိုင်နိုင်ငံတော်အောက်တွင် ကျန်လူမျိုးစုများနှင့် ၄င်းတို့၏နယ်မြေဒေသများအားလုံး တပေါင်းတစည်းတည်းပါဝင်နေပြီး၊ ယင်းသို့ လူမျိုးစုများ၊ နယ်မြေဒေသများအားလုံးကို တစုတစည်းတည်း စိုးမိုးအုပ်ချုပ်နိုင်သော ဗမာသမ္မတနိုင်ငံတော် တည်ထောင်နိုင်ခြင်းဟူသည့် ဂုဏ်သိက္ခာဟု လည်းကောင်း၊ “နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်နိုင်သော အခွင့်အရေးများ” ဆိုသည်မှာ ဗမာလူမျိုးတို့သည် မိမိတို့ပိုင်နက် နယ်မြေကိုသာမကအခြားတိုင်းရင်းသားမျိုးနွယ်စုများ၏ ရေ၊ မြေ၊ လေ စသည့် ပိုင်နက် နယ်မြေများအားလုံးကိုပါ အချုပ်အခြာ စိုးမိုးအုပ်ချုပ်နိုင်သော အခွင့်အရေးများဟု လည်းကောင်း၊ ယင်းဂုဏ်သိက္ခာနှင့် ယင်းအခွင့်အရေးတို့ကို ဥပဒေပြဋ္ဌာန်း၍ တရားဝင်ဖြစ်တည်စေကာ အဓွန့်ရှည် တည်တံ့ ခိုင်မြဲအောင် ပြုရမည်ဟု ဆိုလိုရာရောက်ပေလိမ့်မည်ဖြစ်သည်။
(ဂ) ဗမာသည် ပြည်မလား ၊ ပြည်နယ်လား
ဗမာတို့သည် ကိုယ့်ကိုကိုယ် လူမျိုးကြီးဟုခံယူကာ အခြားလူမျိုးစုများထက် အဖက်ဖက်တွင် ရှေ့ ရောက်နေသည်ဟု အထင်ရှိကြသည်။ မိမိတို့ကသာ တိုင်းပြည်နိုင်ငံထူထောင်ကာ အခြားလူမျိုးစုများအား ဦးစီး ဦးဆောင်ပြုရမည်ဟုလည်း ယူဆကြသည်။ ဗမာနိုင်ငံရေးခေါင်းဆောင်များသည် အခွင့်အရေးပေါ်လာလျှင် လက်မလွတ်စတမ်း ရယူနိုင်ကြသကဲ့သို့ အခွင့်အရေးပေါ် ထွက်လာအောင်လည်း ဖန်တီးအားထုတ်နိုင်ကြ သည်။
၁၉၄၇ အခြေခံဥပဒေရေးဆွဲရန်အတွက် အခြေခံမူများချမှတ်ရာတွင် ပြည်ထောင်စုဟု ရည်ညွှန်းသော်လည်း ပြည်ထောင်စုမဟုတ်ဘဲ ဗမာတစ်ပြည်ထောင်နိုင်ငံဖြစ်နေစေသည့် အချက် (၂) ချက်မှာ –
(၁) ဗမာပြည်နယ်မဖွဲ့ စည်းဘဲ ပြည်ထောင်စုဗဟိုအစိုးရဟု အခွင့်အရေးယူထားခြင်း ။
(၂) ရခိုင်၊ မွန်နှင့် ချင်းပြည်နယ်များ မဖွဲ့စည်းခြင်း တို့ဖြစ်သည်။
ဗမာတို့သည် ဗမာပြည်နယ်ဟူ၍ မဖွဲ့စည်းဘဲ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်သော အခွင့်အရေးကို ရယူထားသည်။ သည့်အတွက် ဗမာတို့သည် ပြည်ထောင်စုဗဟိုအစိုးရ ဖြစ်နေသည်။ သည့်အတွက် ဗမာတို့သည် တစ်ပြည်လုံးအား ဥပဒေပြုနိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်၊ အခွန်ကောက်ပိုင်ခွင့်နှင့် အခွန်ဘဏ္ဍာများကို ခွဲဝေပိုင်ခွင့်တို့ကို ရယူထားသည်။
သည့်အပြင် အခြားလူမျိုးစုများအား ပြည်နယ်ပေးပိုင်ခွင့်၊ ပြည်နယ်မပေးပိုင်ခွင့်၊ ပြည်နယ်အမျိုးအစား၊ အဆင့်အတန်း သတ်မှတ်ပိုင်ခွင့်၊ အုပ်ချုပ်ရေးအာဏာ မည်မျှခွဲဝေပေးသင့်သည့်ဟု ဆုံးဖြတ်ပိုင်ခွင့်၊ အခွန် ဘဏ္ဍာမည်မျှ ကောက်ယူသုံးစွဲစေဟု ဆုံးဖြတ်ပိုင်ခွင့်၊ ဘဏ္ဍာငွေမည်မျှထောက်ပံ့မည်ဟု ဆုံးဖြတ်ပိုင်ခွင့်နှင့် လူမျိုးစုဆိုင်ရာ ၀န်ကြီးများကို ခန့်အပ်ပိုင်ခွင့်တို့ကိုပါ ရယူထားသည်။ ယင်းတို့သည် ဗမာပြည်နယ် မဖွဲ့စည်းဘဲ ဗမာတို့က ပြည်ထောင်စုဗဟိုအာဏာကို ရယူလိုက်သည့်အတွက် ရရှိလာသော အခွင့်အရေးများထဲမှ အချို့သာ ဖြစ်သေးသည်။
ဗမာပြည်နယ် မဖွဲ့စည်းရခြင်းနှင့်စပ်လျဉ်း၍ စကားပရိယာယ်အမျိုးမျိုး သုံးစွဲတတ်ပြီး ဥပဒေ၏ လက် တစ်လုံးခြား လှည့်ကွက်များကိုပိုင်နိုင်ကာ ယင်းတို့ကို အသုံးချခွင့်ရထားသော ဗမာတာဝန်ရှိသူများသည် အကြောင်းအမျိုးမျိုးပြကြသည့်အနက် အခိုင်အမာပြကြသည့် အချက်များမှာ –
(၁) ဗမာပြည်မသည် အခြားလူမျိုးစုပြည်နယ်များနှင့် နှိုင်းစာလျှင် အရွယ်အစား၊ လူဦးရေနှင့် ဘဏ္ဍာ ရေး အခြေအနေများ သာလွန်နေခြင်း ။
(၂) ဗမာပြည်နယ်ဖွဲ့စည်းခဲ့ပါက ကိုယ်စားလှယ်အမတ်ဦးရေနှင့် ကုန်ကျစရိတ်များ ပိုမိုများပြား လာမည် ဖြစ်ခြင်းတို့ ဖြစ်သည်။
ဖော်ပြပါ သဘောထားများကို မြန်မာနိုင်ငံအခြေခံဥပဒေ အကြံပေးအရာရှိ ဦးချန်ထွန်း၏ “ အာဏာ ခွဲ ဝေရေး စာတမ်း” တွင် ဖော်ပြထားသည်။ ယင်းစာတမ်းတွင်ပင် –
“ ပြည်ထောင်စုဝင်ယူနစ်များသည် အရွယ်အစား၊ လူဦးရေနှင့် ဓနအင်အားတို့တွင် တူညီမှုရှိရမည်” ဟုလည်း ဖော်ပြပါရှိသည်။
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရန်အတွက် ပြည်နယ်များသည် အရွယ်အစား၊ လူဦးရေနှင့် ဓနအင် အားတို့တွင် တူညီရမည်ဆိုခြင်းမှာ လွန်ကဲသော ဖွင့်ဆိုချက်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံများ၏ ပြည်နယ်များတွင် ၄င်းသတ်မှတ်ချက်များ အနီးစပ်ဆုံး တူညီမှုရှိကြသည်ဟု မတွေ့ရှိရပေ။
ပြည်ထောင်စုနိုင်ငံဖြစ်သော ဂျာမနီနိုင်ငံတွင် ပြည်နယ်(၁၆)ခုနှင့် ဖွဲ့စည်းထားပြီး နယ်မြေအကြီးဆုံး ပြည်နယ်မှာ Bavaria ( 70550 sqkm ) ရှိ၍ အငယ်ဆုံးပြည်နယ်မှာ Bremen ( 419 sqkm ) ဖြစ်သည်။ လူဦးရေအားဖြင့်လည်း Bavaria တွင် (၁၂ . ၉) သန်း၊ Baden-Wurttermberg တွင် (၁၁) သန်း ၊ Hamburg ESifh Lower Saxony တို့တွင် (၈) သန်းစီရှိကြသော်လည်း Bremen ပြည်နယ်တွင် (၆၈၀ဝ၀) နှင့် Saarland ပြည်နယ်တွင် (၁၈၀ဝ၀ဝ) သာရှိကြသည်။ North Rhine-Westphalia ပြည်နယ်၊ Hamburg ပြည်နယ်တို့သည် ချမ်းသာသောပြည်နယ်များဖြစ်သော်လည်း Bremen ပြည်နယ်မှာမူ ဆင်းရဲသည်။
အမေရိကန်ပြည်ထောင်စုကို ပြည်နယ်(၅၀)ဖြင့် ဖွဲ့စည်းထားသည်။ Alaska ပြည်နယ်သည် စတုရန်း မိုင်ပေါင်း (၅၇၀၆၄၁) ကျယ်ဝန်းသော်လည်း Rhode Island ပြည်နယ်မှာ စတုရန်းမိုင်ပေါင်း (၁၀၃၄) သာရှိရာ မည်မျှကွာခြားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ Delaware ပြည်နယ်သည်လည်း စတုရန်းမိုင်ပေါင်း (၁၉၅၅) သာရှိသည်။ လူဦးရေအားဖြင့် California (39512000) (၃၉၅၁၂၀ဝ၀) (၃၉)သန်းကျော်၊ Texas (28996000) (၂၈၉၉၆၀ဝ၀) (၂၉)သန်းနီးပါးနှင့် Florida (21477000) (၂၁၄၇၇၀ဝ၀) (၂၁) သန်းကျော်ရှိကြသော်လည်း Wyoming (580000) (၅၈၀ဝ၀ဝ) (၆) သိန်းနီးပါး ၊ Vermont (624000) (၆၂၄၀ဝ၀) (၆) သိန်းကျော် ၊ Alaska (732000) (၇၃၂၀ဝ၀)(၇) သိန်းကျော်မျှသာရှိ ၍ လူဦးရေကွာခြားမှု မြင့်မားလှသည်။ ဓနအင်အားတွင်လည်း ဥပမာ – Maryland ပြည်နယ်သည် ချမ်းသာပြီး Mississippi သည် ချမ်းသာသောပြည်နယ်မဟုတ်ပေ။ ဆွစ်ဇာလန်ဖက်ဒရယ်ရှင်းပြည်ထောင်စုတွင် Canton (၂၆) ခုနှင့် Bern (မြို့တော်) တို့ဖြင့် ဖွဲ့စည်း ထားပြီး Graubünden (စတုရန်းမိုင် -၂၇၄၃)၊ Fribourg (စတုရန်းမိုင်- ၂၃၀၁)၊ Wallis (စတုရန်းမိုင်- ၂၀၁၇) တို့မှာကျယ်ဝန်းသော Canton များဖြစ်ကြသော်လည်း Basel-stadt မှာ (၁၄ စတုရန်းမိုင်) ၊ Appenzell Innerrhoden မှာ ( ၆၇ စတုရန်းမိုင်) ၊ Appenzell Ausserrhoden မှာ (၉၄ စတုရန်းမိုင်) ခန့်သာ ကျယ်ဝန်းကြ သဖြင့် အရွယ်အစားကွာခြားပုံကို တွေ့ မြင်နိုင်ပေသည်။
လူဦးရေအားဖြင့်လည်း Zürich တွင် (၁ . ၅) သန်း၊ မြို့တော် Bern တွင် (၁) သန်းနှင့် Vaud တွင် (၈) သိန်းကျော်ရှိသော်လည်း Appenzell Innerrhoden တွင် (၁၆၂၉၃) ( တစ်သောင်း ခြောက်ထောင်ကျော် )၊ Uri တွင် (၃၆၈၁၉) နှင့် Obwalden တွင် (၃၈၁၀၈) ခန့်သာရှိသည့်အတွက် လူဦးရေကွာဟချက်မှာလည်း မြင့်မားသည်။ Basel-Stadt, Zug, Genèva, ESifh, Zürich တို့မှာ ချမ်းသာသော canton များဖြစ်ကြသော် လည်း Uri, Wallis, Appenzell Ausserrhoden, Fribourg, Schwyz တို့မှာ ချမ်းသာသော canton များ မဟုတ်ကြပေ။
သို့ဖြစ်ရာ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရန်အတွက် ပြည်နယ်များသည် အရွယ်အစား၊ လူဦးရေနှင့် ဓနအင်အား တူညီရမည်ဆိုခြင်းမှာ ဗမာပြည်နယ်မဖွဲ့စည်းရရေးနှင့် ဗဟိုချုပ်ကိုင်မှုရယူရန်အတွက် မှားယွင်း သောတွေးခေါ်မှု(ဂျင်း)ကို ပေးလိုက်ခြင်းပင်ဖြစ်သည်။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄ မတ်လ ၅ ရက် – ၁၈၂၆ ဖေဖော်ဝါရီလ ၂၄ ရက် ) အပြီးတွင် ရခိုင်နှင့် တနင်္သာရီကို အိန္ဒိယဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်ပြီး၊ နောက်ပိုင်းတွင် ရခိုင်ပြည်အား ဘင်္ဂလား အစိုးရလက်အောက်ရှိ ရခိုင်အရေးပိုင် (နောက်ပိုင်းတွင် ရခိုင်ဝန်ရှင်တော်မင်းကြီး)က အုပ်ချုပ်ခဲ့သည်။ တနင်္သာရီကို အိန္ဒိယဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်ရာတွင် ၁၈၃၄ တွင် တရားစီရင်ရေးနှင့် အခွန်တော် ကိစ္စများကို ဘင်္ဂလားအစိုးရမှကိုင်တွယ်ပြီး အထွေအထွေအုပ်ချုပ်ရေးကို အိန္ဒိယဘုရင်ခံချုပ်က တာဝန်ယူခဲ့ သည်။ ဒုတိယ အင်္ဂလိပ်- မြန်မာ စစ်ပွဲ ( ၁၈၅၂ ဧပြီ ၅ – ၁၈၅၃ ဇန္နဝါရီ ၂၀ ) အပြီးတွင် ပဲခူးနယ်ကို အိန္ဒိယဘုရင်ခံချုပ်လက်အောက်ရှိ ဝန်ရှင်တော်မင်းကြီးက တိုက်ရိုက်အုပ်ချုပ်၍ မုတ္တမနယ်အား တနင်္သာရီ ဝန်ရှင်တော်မင်းကြီးက အုပ်ချုပ်သည်။
၁၈၆၂ ခုနှစ်တွင် ကွဲပြားရှုပ်ထွေးနေသော အုပ်ချုပ်ရေးများကို ပေါင်းစည်းကာ ရခိုင်၊ တနင်္သာရီ၊ ပဲခူး နယ်များကို Province of British Burma အဖြစ်သတ်မှတ်ကာ ဝန်ရှင်တော်မင်းကြီးသုံးဦးက အုပ်ချုပ်၍ ယင်းသုံးဦးအထက်မှ မဟာဝန်ရှင်တော်မင်းကြီးမှ တာဝန်ယူကာ အိန္ဒိယဘုရင်ခံချုပ်လက်အောက်တွင် ထားရှိ ခဲ့သည်။
တတိယ အင်္ဂလိပ်- မြန်မာစစ် (၁၈၈၅ နိုဝင်ဘာ ၇ – ၁၈၈၅ နိုဝင်ဘာ ၂၇) နောက်ပိုင်းတွင် Ministerial Burma ( Burma Proper) ဗမာပြည်မဟု သတ်မှတ်ကာ ယင်းကို ရခိုင်၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာ ဝတီဟူ၍ တိုင်း(၄)တိုင်း ခွဲခြားပြီးအုပ်ချုပ်ခဲ့သည်။ Scheduled Areas (Frontier Areas) ဟူသော တောင်တန်း ဒေသများတွင် ရှမ်းပြည်၊ ကချင်နှင့် ချင်းတောင်တို့ပါဝင်သည်။ သို့ဖြစ်ရာ Burma Proper ဟုခေါ်သောဗမာပြည်မတွင် ရခိုင်ဒေသ၊ မွန်ဒေသ၊ ဗမာဒေသနှင့် ကရင် ဒေသများပါဝင်နေသည်ဖြစ်၍ အင်္ဂလိပ်များက တိုင်း(၄)တိုင်းခွဲကာ အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကို ဗမာပြည်မဟူ၍ သိမ်းကျုံးကာ တောင်တန်းသားများအပေါ် စိုးမိုးအုပ်ချုပ်နိုင်ရန် ဗမာပြည်မသည် အရွယ် အစား ကြီးသည်၊ လူဦးရေများသည်၊ ဓနအင်အားတောင့်တင်းသည်ဟု အကြောင်းပြကာ ပြည်ထောင်စု ဗဟိုအစိုးရ အာဏာကို ရယူထားခဲ့သည်။
အမှန်တကယ်၌မူ ဗမာပြည်မဆိုသည်မှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဗမာပြည်နယ်နှင့် အချို့မှာ ကရင်ပြည်နယ်ဖြစ်ပေလိမ့်မည်။ ယင်းသို့ခွဲခြမ်းရန်မှာလည်း ရခိုင်သည်လည်းကောင်း၊ မွန်သည်လည်းကောင်း ရာဇဝင်သမိုင်းအခိုင်အမာနှင့် ပိုင်နက်နယ်မြေ အတိအကျရှိပြီးဖြစ်သည်။ ၁၉၄၇ ခုနှစ် မေလ ၂၃ ရက်နေ့ တွင် အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် အခြေခံသဘောတရားအဆိုပြုချက် (၁၄) ချက် ၏ နံပတ် (၃)၊ နံပတ်ခွဲ (၁) တွင် ဖော်ပြထားသော ပြည်ထောင်စုပြည်နယ်တွင် ရှိရမည့်ဂုဏ်အင်္ဂါ (၇) ချက်နှင့် လည်း ပြည့်မီပြီးဖြစ်သည်။
သို့ပါလျက်နှင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဗမာပြည်နယ်ဟု သီခြားဖွဲ့စည်းခြင်းမပြုသည့်အတွက် ရခိုင်လူမျိုး၊ မွန်လူမျိုး နှင့် တောင်တန်းသားများအားလုံး နစ်နာကြရသည်။ ရခိုင်နှင့်မွန်တို့မှာ လွတ်လပ်ရေးရပြီး ဗမာပြည်လက်သစ်အောက်တွင် ပထမဆုံးကိုလိုနီပြုခြင်းကို ခံလိုက်ကြရလေသည်။ ယင်းသို့ ဗမာပြည်မကို ကျယ်ပြန့်အောင်လုပ်လိုက်သည့်အတွက်လည်း တောင်တန်းသားများအပေါ် ဈေးဆစ်ခွင့် ရရှိသွားခြင်း ဖြစ်ပေ သည်။
ဗမာပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ် စသည်ဖြင့် ပြည်နယ်များ စုံလင်အောင်ဖွဲ့စည်းကာ ပြည်နယ်များသည် မိမိတို့ ကိုယ်ပိုင်အခြေခံဥပဒေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး တစ်ပြည်လုံးဆိုင်ရာ လုပ်ပိုင်ခွင့်အချို့အား ပြည်ထောင်စု သို့ပေးအပ်ကာ ကြွင်းကျန်သောအာဏာများကို ပြည်နယ်များမှရယူထားပြီး ပြည်ထောင်စုအစိုးရအာဏာကို လူမျိုးတစ်မျိုးတည်းမှ မချုပ်ကိုင်ထားနိုင်အောင် စီမံထားမှသာလျှင် ပြည်ထောင်စုစစ်စစ် ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ယခု၌မူ ဗမာများသည် ရခိုင်၊ မွန်နှင့် ကရင်ဒေသများကို ဗမာပြည်မအောက်တွင်ထည့်၍ ဗမာပြည်မဟုအမည်ခံကာ ကျန်တောင်တန်းဒေသများ၊ ကရင်နှင့် ကရင်နီနယ်များကို ဗမာပြည်ထောင်စု နိုင်ငံတော်အတွင်းသို့ သွတ်သွင်းခဲ့သည်။ ပြည်စုဥပဒေပြုစာရင်းနှင့် ပြည်ထောင်စုအခွန်တော်စာရင်းများတွင် ကိစ္စအားလုံးနီးပါးကို လက်ဝါးကြီးအုပ်၍ လူမျိုးစုဝန်ကြီးများကိုလည်း ၄င်းတို့ကသာ ခန့်အပ်နိုင်ရာ ဖွဲ့စည်းပုံ အရ ပြည်ထောင်စုဝင်ပြည်နယ်များဖြစ်ကြသော ရှမ်း၊ ကချင်၊ ကရင်နီနှင့် ကရင်များသည်လည်းကောင်း၊ ချင်းအထူးတိုင်းသည်လည်းကောင်း၊ ဖွဲ့စည်းပုံးအရ ပြည်နယ်စာရင်းပင် မဝင်ခဲ့သော ရခိုင်နှင့် မွန်တို့သည် လည်းကောင်း ဗမာလူမျိုးကြီးဝါဒနှင့် ဗမာနိုင်ငံတော်အောက်တွင် အုပ်ချုပ်ခံ၊ လက်ဝေခံများ ဖြစ်ခဲ့ရသည်။
(ဃ) တောင်တန်းသားများ၏ သဘောထား
ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း စသည့် လူမျိုးစုများသည် ဗမာတို့နှင့် ပေါင်းစည်းကာ ပြည်ထောင်စု ဖွဲ့နိုင်ရေးအတွက် ၄င်းတို့အချင်းချင်းသော်လည်းကောင်း၊ ဖဆပလ ဗမာခေါင်းဆောင်များနှင့် သော်လည်းကောင်း၊ ဗြိတိသျှများနှင့်လည်းကောင်း ကြိမ်ဖန်များစွာ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ လူထုအစည်း အဝေး ပြုလုပ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ လူမျိုးစုများအဖို့ ဗြိတိသျှများမှာလည်း အားကိုးမရချေ။ ဗမာများမှာလည်း မယုံရချေ။ သို့ရာတွင် ဗြိတိသျှများနှင့်စာလျှင် ဗမာများနှင့်ပူးပေါင်းသည်ကမှ အကျိုးများ ဖွယ်ရာရှိသည်ဟု တစ်ဖက်ကိုရွေးခဲ့ကြရသော်လည်း အထက်တွင် ညွှန်းဆိုခဲ့သော ဆွေးနွေးပွဲများ၏ ဆုံးဖြတ် ချက်များ၊ တောင်းဆိုချက် များကို အနှစ်ချုပ်လိုက်လျှင် –
(၁) ပြည်နယ်တည်ထောင်ခွင့်
(၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်
(၄) အခွန်ကောက်ပိုင်ခွင့်
(၅) ဖက်ဒရယ်ပုံစံဖြင့် ပူးပေါင်းခွင့်
(၆) အချိန်မရွေးခွဲထွက်ခွင့်
စသည်တို့ကို တောင်းဆိုခဲ့ကြသဖြင့် လူမျိုးစုများသည် လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ မိမိတို့၏အခြေ အနေ၊ မိမိတို့၏ရပိုင်ခွင့်နှင့် မိမိတို့လိုချင်သောအရာကို တိတိကျကျ၊ ကွဲကွဲပြားပြား သိကြသည်ဟုဆိုနိုင်သည်။
ယင်းအချက်ကို အောက်ပါတောင်းဆိုချက်များတွင် တွေ့ရှိနိုင်ပေသည်။
၁၉၄၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် တီးတိန်၊ ဖလမ်းနှင့် ဟားခါးဒေသများမှ ချင်းခေါင်း ဆောင်များ၏ ဖလမ်းလူထုဆွေးနွေးပွဲ ဆုံးဖြတ်ချက် –
(၁) လောလောဆယ်တွင် ဘုရင်ခံ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် နေရန်။
(၂) တိုင်းရင်းသားညီအစ်ကိုများဖြစ်သည့် ရှမ်း၊ ကချင်တို့နှင့် လက်တွဲ၍ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရန်
(၃) ၁၉၄၆ ခုနှစ်၌ ဖွဲ့စည်းခဲ့သည့် မြန်မာတိုင်းရင်းသားများ ယဉ်ကျေးမှုအသင်းတွင် ချင်းတို့ ကလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ရန်
(၄) ချင်းလူထုသည်ယခုထက်ပို၍ နိုးကြားလာကာ မိမိတို့အရေးကို မိမိတို့ကိုယ်တိုင် စီမံဆောင်ရွက်နိုင်သည့်အချိန်ရောက်လျှင် ဗြိတိသျှတို့၏ မြန်မာပြည်ဆိုင်ရာစက္ကူဖြူ စာတမ်းနှင့် (၁၉၄၆) တွင် ဖတ်ကြားသည့် ဘုရင်ခံ၏မိန့်ခွန်းတို့တွင် ဖော်ပြထားသည့်အတိုင်း ပြည်မနှင့် ပေါင်းရေး၊ မပေါင်းရေးကို စဉ်းစားရန်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ကွတ်ခိုင်မြို့ နယ်၊ နန့်ဖတ်ခါ ကျေးရွာ၌ ပြုလုပ်သော ကချင်ခေါင်းဆောင်များ၏ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ –
(၁) မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် ။
(၂) ကချင်အမျိုးသားများ၏ ဆန္ဒနှင့်အညီ ကချင်ပြည်နယ် သီးခြားထူထောင်ရန်။
(၃) ကချင်ပြည်နယ်တွင် ဗန်းမော်နှင့် မြစ်ကြီးနားခရိုင်၊ ကချင်တောင်တန်းဒေသများနှင့် ကသာ မြောက်ပိုင်း မြေပြန့်ဒေသများပါဝင်စေရန်။
(၄) ဗမာနှင့် ကချင် နှစ်ဦးနှစ်ဖက် ကျေနပ်လက်ခံနိုင်သည့်နည်းဖြင့် နယ်ခြားသတ်မှတ်ရေးကိစ္စ ဆောင်ရွက်ရန်။
(၅) ကချင်ပြည် နယ်နိမိတ် သတ်မှတ်ပေးပြီးလျှင် ကချင်အမျိုးသားများက ရွေးချယ်သော ကချင်ကိုယ်စားလှယ်တစ်ဦးကို ကြားဖြတ်အစိုးရအဖွဲ့တွင် ပါဝင်စေသည့်နည်းဖြင့် လောလောဆယ် ဗမာတို့ ရအခွင့်အရေးအတိုင်း ရရှိရေး ဆောင်ရွက်ရန်
(က) အဆိုပါ ကချင်ဝန်ကြီးသည် ကချင်ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ဖြစ်ရမည်။
(ခ) အဆိုပါကချင်ဝန်ကြီးသည် နိုင်ငံခြားဆက်ဆံရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခွင့် ရှိရမည်။
(ဂ) ကာကွယ်ရေးဌာနတွင် ကချင်အကြံပေးပုဂ္ဂိုလ်တစ်ဦးခန့်ထားရမည်။
(၆) မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး အမြန်ရရှိရေးအတွက် ရှမ်းနှင့်ကချင်တို့သည် တိုင်းပြည်ပြုလွှတ်တော်လုပ်ငန်းများတွင် ချက်ချင်းပါဝင်ဆောင်ရွက်ရန်။
(၇) အထက်ပါနည်းဖြင့် လွတ်လပ်ရေးရပြီး ဖွဲ့စည်းမည့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်ပါဝင်ရေးကို အောက်ပါချွင်းချက်နှစ်ရပ်ဖြင့် စဉ်းစားရန်။
(က) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်ပါရေး၊ မပါရေးကို ကချင်ပြည်နယ်သားများကသာ ဆုံးဖြတ်ရန်။
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထွက်လိုသည့် အချိန်တွင် ခွဲထွက်ခွင့်ပေးရန်။
(၈) ကချင်ပြည်နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြန်မာအစိုးရက ငွေကြေးအကူအညီ များပေးရန်။
(၉) အထက်ပါဆုံးဖြတ်ချက်များကို အခြားသော တောင်တန်းသားများကလည်း ထောက်ခံ လာရေးဆောင်ရွက်ရန်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ (ရပလ) ၏ ကြေညာချက် အမှတ် (၄) –
(၁) ရှမ်းပြည်သည် နယ်ချဲ့စနစ်အောက်မှ လွတ်မြောက်ပြီးသောအခါ တစ်သီးတစ်ခြား အာဏာပိုင်နိုင်ငံတစ်ခုအဖြစ်နှင့် တည်တံ့နေနိုင်သည်ဟု ယုံ ကြည်သည်။

(၂) ရှမ်းပြည်၏ လက်ရှိအင်အားအခြေအနေသည် နယ်ချဲ့စနစ်ကို တိုက်ထုတ်နိုင်လောက်အောင်မပြည့်စုံဟု ယုံကြည်သည်။ သို့ဖြစ်၍ ရှမ်းပြည်နှင့် ဗမာပြည်သည် မလွတ်လပ်သေးသမျှ ကာလပတ် ပတ်လုံး မြန်မာပြည်မနှင့် ပူးတွဲနေထိုင်လိုသည်။ နယ်ချဲ့စနစ်ကို အပြုတ်တိုက်ထုတ်ရာတွင် ရှမ်း၊ ဗမာ၊ ချင်း၊ ဂျိန်းဖော၊ ကရင် စသော တိုင်းရင်းသား များသည် မကွဲမပြားဘဲ ညီညီညွတ်နှင့် တစ်စည်းတစ်လုံးတည်း ပူးပေါင်းတိုက်ခိုက်မှသာလျှင် ရှမ်းပြည် ဗမာပြည်သည် လုံးဝလွတ်လပ်မည်ဟု ယုံကြည်သည်။
(၃) လွတ်လပ်ပြီးသည့်နောက် နှစ်ပြည်ထောင် အင်အားကြီးမားရန်အတွက် မြန်မာနှင့် ပူးတွဲနေထိုင်ရန်မှာ လာမည့်တိုင်းပြုပြည်ပြုလွှတ်တော်တွင် လူမျိုးငယ်များနှင့် ၄င်းတို့၏ နေထိုင်ရာနယ်ပယ်များအတွက် လွတ်လပ်သော ဗမာနှင့် လွတ်လပ်သော ရှမ်း၊ ကရင်၊ ချင်း၊ ဂျိန်းဖောစသော လူမျိုးများအချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီးနောက် တစ်ဦးနှင့်တစ်ဦး အခွင့်အရေး တန်းတူညီတူ ခိုင်လုံသော ကတိ၊ မြဲမြံသော ပဋိညာဉ်များနှင့် ပြည်တွင်းရေးကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များကို ထည့်သွင်းပြီး နောင်တစ်နေ့သော် ခွဲထွက်လိုကခွဲထွက်နိုင်ခွင့်များကိုပါ ပေးအပ်ထားပါက ၄င်းအုပ်ချုပ်ရေးစည်းမျဉ်းများအရ မြန်မပြည်မနှင့် ပူးတွဲ၍ နေသွားရန် ဆန္ဒရှိပါသည်။
တောင်တန်းဒေသစုံစမ်းရေးအဖွဲ့တွင် လာရောက်ထွက်ဆိုသော တောင်တန်းသားများ စည်းလုံးညီ ညွတ်ရေးဦးစီးအဖွဲ့၏ ထွက်ဆိုချက်နှင့် တင်သွင်းသော စာတမ်း –
(၁) တိုင်းပြည်ပြုလွှတ်တော်သို့ စေလွှတ်မည့် တောင်တန်းဒေသဆိုင်ရာ ကိုယ်စားလှယ်များကို လူမျိုးမရွေး၊ ဘာသာမရွေး ၊ ပညာအရည်အချင်းအပေါ် မူတည်၍ ဆိုင်ရာပြည်နယ်ကောင်စီများက အချိုးကျ ရွေးချယ်မည်။
(၂) တိုင်းပြည်ပြုလွှတ်တော်တွင် ပါဝင်မည့်ကိုယ်စားလှယ်များကို လူဦးရေအချိုးကျရွေးချယ်မည်။ သို့သော် ဒေသတစ်ခုနှင့် သက်ဆိုင်မည့် ဆုံးဖြတ်ချက်သည် ထိုဒေသ၏ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမဲမပေးလျှင် အတည်မဖြစ်စေရ။ ထို့ပြင် –
(က) မည်သူမဆို တန်းတူအခွင့်အရေး ရှိရမည်။
(ခ) တောင်တန်းဒေသ ကိုယ်စားလှယ်အားလုံးတွင် မိမိတို့၏ ပြည်နယ်တွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမည်။
(ဂ) လွတ်လပ်ရေးရရှိပြီးသည့်နောက်တွင် မြန်မာပြည်မမှ အချိန်မရွေးခွဲထွက်နိုင်ခွင့် ရှိရမည်။
(၃) တောင်တန်းဒေသပြည်နယ်များအား ကြိုတင်အသိမပေးဘဲ သံတမန်ဆက်သွယ်ခြင်းနှင့် ခန့်ထားခြင်း မပြုရန်ဟူသော အချက်ကို အနာဂတ်တွင် ရေးဆွဲမည့် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထည့်သွင်းရမည်ဟု ဆုံးဖြတ်သည်။
(၄) ကာကွယ်ရေးအစရှိသော တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အရေးကိစ္စများတွင် တောင်တန်းဒေသ ပြည်နယ်ကိုယ်စားလှယ်အများစု၏ သဘောတူညီမှု မရရှိဘဲ ဆုံးဖြတ်ချက်မချရ။
(၅) တောင်တန်းဒေသ ပြည်နယ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကျိုးသက်ရောက်မည့် ပြောင်းလဲချက် ၊ ပြင်ဆင်ချက် ၊ မွမ်းမံချက်များကို တောင်တန်းဒေသ ပြည်နယ်ကိုယ်စားလှယ်များ၏ ဆန္ဒမဲ သုံးပုံနှစ်ပုံ မရလျှင် မပြုလုပ်ရဟူသောအချက်ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းရမည်။
(၆) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်များအပေါ် အဓိပ္ပာယ်ကောက်ယူမှု ဝိဝါဒကွဲပြားနေလျှင် ရန်ကုန်မြို့ရှိ ဟိုက်ကုတ်တရားလွှတ်တော်တွင်တရားဝန်ကြီးချုပ်နှင့် အခြားတရားဝန်ကြီး နှစ်ဦးပါဝင်သည့် ခုံ၏အဆုံးအဖြတ်ကို ခံယူရမည်။
(၇) ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပါဝင်မည့် စုစုပေါင်း ဗမာဝန်ကြီး အရေအတွက်သည် တောင်တန်းးဒေသပြည်နယ်များ၏ စုစုပေါင်းဝန်ကြီး အရေအတွက်ထက် မများစေရ။
ရှမ်းစော်ဘွားများအဖွဲ့က တောင်တန်းဒေသစုံစမ်းရေးအဖွဲ့၏ မေးခွန်းများကို ဖြေဆိုချက်များ –
– တိုင်းပြည်ပြုလွှတ်တော်သို့ ရှမ်းပြည်မှ ကိုယ်စားလှယ်စေလွှတ်မည်။
– ကိုယ်စားလှယ်တို့ကို လူဦးရေအချိုးအတိုင်း ရွေးချယ်မည်။
– အများဆန္ဒဖြင့် ရွေးချယ်သည့်နည်းထက် ပိုမိုသင့်လျော်သည့်နည်းကို သုံး၍ရွေးချယ်မည်။
– တိုင်းပြည်ပြုလွှတ်တော်သို့ ကိုယ်စားလှယ်စေလွှတ်ခြင်းသည် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံအတွင်း ပါဝင် ခြင်းပင်ဖြစ်သည်ဟု မယူဆသင့်။
– ရှမ်းပြည်အနေဖြင့် မြန်မာနိုင်ငံနှင့်တစ်ပေါင်းတည်းဖြစ်ရေး (Union) ကို မလိုလား။
– ပြည်ထောင်စုဖွဲ့ခြင်း (Federation) ကိုသာ လိုလားသည်။
– ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရလို၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ ကိုင်တွယ်ဆောင်ရွက်ရမည့် အရေးကိစ္စများကို လျာထားသတ်မှတ်ပေးရန်အတွက် ကော်မတီငယ်တစ်ခု ရှိစေလိုသည်။
– ဓနသဟာယအဖွဲ့ အတွင်း ပါဝင်ခြင်း ၊ မပါဝင်ခြင်းသည် ရှမ်းပြည်အတွက် ထူးခြားမှုမရှိ။
– သဘောတူညီချက်များအတိုင်း ဗဟိုအစိုးရက လိုက်နာဆောင်ရွက်စေရေးအတွက် ဗြိတိသျှအစိုးရအား ကြီးကြပ်သူအဖြစ် ဆောင်ရွက်ပေးစေလိုသည်။
ကရင်နီ ကိုယ်စားလှယ်အဖွဲ့က တောင်တန်းဒေသစုံစမ်းရေးအဖွဲ့သို့ တင်သွင်းသော စာတမ်း –
(၁) လွတ်လပ်သော ကရင်နီနယ်၏ အခွင့်အရေးများကို မထိခိုက်စေလျှင် တောင်တန်းဒေသအုပ်ချုပ်ရေးနှင့် ပူးပေါင်းမည်။
(၂) တောင်တန်းဒေသအုပ်ချုပ်ရေးနှင့် ပူးပေါင်းမိခဲ့လျှင် ကရင်နီကိုယ်စားလှယ်တစ်ဦးအား တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့တွင် အတိုင်ပင်ခံကောင်စီဝင်အဖြစ် ခန့်ထားရမည်။
(၃) ကရင်နီနယ်များအား လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမည်။
(၄) တောင်တန်းဒေသအုပ်ချုပ်ရေးနှင့် ပူးပေါင်းသော်လည်း ကရင်နီနယ် ပြည်သူလူထုက ထိုအဖွဲ့မှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ရှိရမည်။
(၅) နိုင်ငံခြားရေး၊ စာပို့တိုက်နှင့်ကြေးနန်း၊ လမ်းပန်းဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေး စသည်တို့ကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အရေးကိစ္စများကို တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့တွင် ပါဝင်သော ကရင်နီအတိုင်ပင်ခံကောင်စီဝင်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
(၆) ကရင်နီ ကျေးလက်ဖွံ့ ဖြိုးရေးအတွက် လိုအပ်သော အကူအညီကို ကရင်နီနယ်၏ အင်အားမပြည့်စုံမီအတွင်း မြန်မာအစိုးရထံမှ ရယူမည်။
(၇) ကောက်ခံရရှိသော အမြတ်တော်ခွန်၊ ပြန်အမ်းငွေနှင့် အကောက်တော်ခွန် စသည်တို့ကို ကရင်နီနယ်က အချိုးကျရယူမည်။
(၈) ကရင်နီ ပြည်တွင်းရေးကိစ္စများကို ဆောင်ရွက်ရန်အလို့ငှာ ကရင်နီနယ်ကောင်စီကို ဖွဲ့စည်းမည်။
အတိုင်ပင်ခံ ကောင်စီဝင် လူကြီးများကို လူထုက ရွေးချယ်မည်။ ကရင်မှအပ ကရင်နီနယ်အ တွင်း အနည်းဆုံး ခုနစ်နှစ် နေထိုင်သူအား ကရင်နီနယ်သားအဖြစ် မှတ်ယူမည်။
(၉) ကရင်နီပြည်သူလူထုသည် ဒီမိုကရေစီနိုင်ငံများတွင်ရရှိသော အခွင့်အရေးနှင့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရမည်။
(၁၀) ကရင်နီကောင်စီသည် ရသုံးငွေပြဋ္ဌာန်းခွင့်အာဏာ၊ ဥပဒေပြုအာဏာ၊ အမှုထမ်းများအား ခန့်အပ်တာဝန်ချထားခွင့်အာဏာများ ရှိစေရမည်။
(င) ၁၉၄၇ အခြေခံဥပဒေအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်
(င – ၁) နိုင်ငံတော်ဖွဲ့စည်းပုံ
(က) သမိုင်းတစ်လျှောက်တွင် တိုင်းနိုင်ငံထူထောင်ခဲ့ပြီး သို့တည်းမဟုတ် သီးခြားလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်ရှိခဲ့သော ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ပိုင်နက်နယ်မြေရှိ သော လူမျိုးစုများဖြစ်သည့် ရခိုင်နှင့်မွန်တို့သည် ပြည်နယ်အဖြစ် ပါဝင်ဖွဲ့စည်းခွင့်မရဘဲ၊ ချင်းလူမျိုးစုသည်လည်း တိုင်းအဖြစ်သာ ပါဝင်ခဲ့ရသဖြင့် ပြည်ထောင်စုနိုင်ငံဟု ပြည့်ဝစွာ အဓိပ္ပာယ်မဖော်ဆောင်နိုင်ခြင်း။
(ခ) ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် (ကော်သူးလေ) နှင့် ချင်းဝိသေ သတိုင်းတို့မှလွဲ၍ ကျန်ဒေသများအတွက် အာဏာသုံးရပ်စလုံးကို ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်သုံးစွဲရမည်ဟု ပုဒ်မ (၈) တွင် ပြဋ္ဌာန်းလိုက်ခြင်းသည် –
(၁) ရခိုင်နှင့် မွန်တို့အား ဗမာ့ကိုလိုနီအဖြစ်တိုက်ရိုက်ပြုလိုက်ရာရောက်ခြင်း။
(၂) ဗမာပြည်နယ် မဖွဲ့စည်းဘဲ ဗမာများက ပြည်ထောင်စုအာဏာကို ရယူလိုက်ခြင်း။
(၃) ယင်းပြည်ထောင်စုအာဏာအရ ဗမာများက ကျန်လူမျိုးစုများအား အုပ်ချုပ်ပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်၊ အခွန်ကောက်ပိုင်ခွင့်နှင့် တရားစီရင်ပိုင်ခွင့်များကို ရရှိသွားပြီး သွယ်ဝိုက်၍ ကိုလိုနီပြုပိုင်ခွင့် ရရှိသွားခြင်းဖြစ်သည်။
သို့ဖြစ်၍ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံသည် ဗမာ တစ်ပြည်ထောင်ဖွဲ့စည်းပုံသာလျှင် ဖြစ်သည်။
(င – ၂) နိုင်ငံတော်အုပ်ချုပ်ပုံ
အခြေခံဥပဒေအရ ပြည်ထောင်စုတွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ဟူ၍ လွှတ်တော် (၂) ရပ် ရှိသည်။ ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ (၂၅၀) နှင့် လူမျိုးစုလွှတ်တော်တွင် (၁၂၅) နေရာရှိသည်။ ဗမာပြည်မတွင် လူဦးရေ(၁၅)သန်းခန့် ရှိသည်ဟု ဆိုသဖြင့် ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ (၂၀ဝ) ကျော် ရရှိသည်။ လူမျိုးစုလွှတ်တော်တွင် (၅၃) နေရာရရှိသည်။ စုစုပေါင်း အမတ်နေရာ (၂၅၀) ကျော်ရရှိသည်။ ၁၉၅၁ ခုနှစ်တွင် အခြေခံဥပဒေပြင်ဆင်ချက်အရ လူမျိုးစုလွှတ်တော်တွင် ဗမာပြည်မက (၆) နေရာအထိ တိုးမြှင့် ရရှိသဖြင့် ဗမာပြည်မသည် လွှတ်တော်နှစ်ရပ်ပေါင်း (၂၆၀) ကျော်ရရှိသည်။
မြန်မာနိုင်ငံသည် အခြေခံဥပဒေအရ သမ္မတနိုင်ငံတော်ဖြစ်သည်။ သမ္မတကို လွှတ်တော်နှစ်ရပ်တွဲဖက်ညီလာခံမှ ရွေးကောက်တင်မြှောက်ရသည် (ပုဒ်မ ၄၆)။ သို့ဖြစ်ရာ လွှတ်တော်နှစ်ရပ်ပေါင်းတွင် မဲအရေအတွက် သုံးပုံနှစ်ပုံ သာလွန်ပြီးဖြစ်သော ဗမာပြည်မ၏ ဆန္ဒမပါဘဲ မည်သူမျှ သမ္မတမဖြစ်လာနိုင်ပေ။ သမ္မတသည် ဗမာပြည်မမှ ဖြစ်ရမည်။သို့တည်းမဟုတ် ဗမာပြည်မ၏ သဘောကျ ဖြစ်ရမည်။ သို့တည်းမဟုတ် ဗမာပြည်မ၏ အလိုတော်ကျ လိုက်နာမည့်သူ ဖြစ်ရပေမည်။
မြန်မာနိုင်ငံသည် သမ္မတနိုင်ငံ ဆိုသော်ငြားလည်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ဦးဆောင်သည်။ ယင်း ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်က အမည်စာရင်းတင်သွင်းသူအား သမ္မတက ခန့်ထားရသည် (ပုဒ်မ ၅၆ – ၁)။
ပြည်သူ့လွှတ်တော်တွင် ဗမာပြည်မမှ လွှတ်တော်အမတ်များက အခြားလူမျိုးစုများထက် အရေအတွက် များစွာသာလွန်နေသည်ဖြစ်ရာ ပြည်ထောင်စု တစ်နိုင်ငံလုံးကို အုပ်ချုပ်မည့်သူသည် ဗမာလူမျိုး၊ ဗမာပါတီ သို့မဟုတ် ဗမာပါတီ၏သြဇာခံသာ ဖြစ်ခွင့်ရှိပေသည်။
ဝန်ကြီးချုပ်က ဝန်ကြီးများ၏ အမည်စာရင်းကို တင်သွင်းပြီး သမ္မတက ခန့်ထားရသည် (ပုဒ်မ ၅၆-၂)။ အစိုးရအဖွဲ့သည် ဗမာလွှတ်တော်အမတ် အများစုရှိသော ပြည်သူ့လွှတ်တော်ကို တာဝန်ခံသည် (ပုဒ်မ ၁၁၅ )။ ဝန်ကြီးချုပ်သည် ပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ပါလီမန်၏ ၄င်းပြည်နယ်ဆိုင်ရာ လွှတ်တော်အမတ်များအနက် အမတ်တစ်ဦးဦး၏ အမည်ကို ၄င်းပြည်နယ်ဝန်ကြီးအဖြစ်တင်သွင်းပြီး သမ္မတ က ခန့်အပ်ရသည်။ ယင်းဝန်ကြီးသည် ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးဖြစ်သည် ( ပုဒ်မ ၁၆၀ )။ သို့ဖြစ်၍ ပြည်နယ်ဝန်ကြီး သို့မဟုတ် ပြည်နယ်ဥက္ကဋ္ဌသည် ဝန်ကြီးချုပ်၏သြဇာ သို့မဟုတ် ပြည်ထောင်စုအစိုးရ၏ ချုပ်ကိုင်မှုမှ လွတ်ကင်းခြင်းမရှိဘဲ ပြည်ထောင်စုအစိုးရ သို့မဟုတ် ဗမာအစိုးရ၏ လမ်းညွှန်ချက်များကိုအကောင်အထည်ဖော်ရမည့်သူသာ ဖြစ်ဖွယ်ရှိသည်။

ရှင်းရှင်းလင်းလင်း မြင်သာရန်အတွက် နိုင်ငံတော်ကြီးသည် အများပိုင် ကုမ္ပဏီကြီးတစ်ခုဆိုပါက ရှယ်ရာရှင်များသည် ပြည်သူများဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်နှစ်ရပ်သည် ကုမ္ပဏီဘုတ်အဖွဲ့ ဖြစ်သည်။ ဘုတ်အဖွဲ့တွင် ဗမာပြည်မ၏ကိုယ်စားလှယ်များက အရေအတွက်သာလွန်သည်။ ဘုတ်အဖွဲ့က ကုမ္ပဏီ ဥက္ကဋ္ဌ ကို ခန့်အပ်သည် (ပုဒ်မ ၄၆ )။ ဘုတ်အဖွဲ့ကပင် ကုမ္ပဏီကို လက်တွေ့ ဦးဆောင်မည့် စီအီးအိုကို ရွေးချယ်ပြီး ဥက္ကဋ္ဌက အတည်ပြုရသည် (ပုဒ်မ ၅၆ – ၁ )။ ယင်းစီအီးအိုက ဌာနခွဲအလိုက် တာဝန်ခံများ၊ မန်နေဂျာများကို ရွေးချယ်ပြီး ဥက္ကဋ္ဌက အတည်ပြုရသည် (ပုဒ်မ ၅၆ – ၂ )။ ဘုတ်အဖွဲ့ က သဘောမကျလျှင် စီအီးအိုပြုတ်သည် (ပုဒ်မ ၁၁၉ )။ သို့မဟုတ် ဥက္ကဋ္ဌက ဘုတ်အဖွဲ့ကို ဖျက်သိမ်းနိုင်သည်။ သို့မဟုတ် ဥက္ကဋ္ဌက ဘုတ်အဖွဲ့အား စီအီးအိုအသစ် ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုနိုင်သည် (ပုဒ်မ ၅၇ )။ စီအီးအိုပြုတ်လျှင် ၄င်းရွေးချယ်ခဲ့သော မန်နေဂျာများလည်း ပြုတ်သည်(ပုဒ်မ ၁၂၀- ၁ )။
ကုမ္ပဏီသည် အခြားတိုင်းရင်းသားကုမ္ပဏီငယ်များနှင့်လည်း ဖက်စပ်လုပ်ကိုင်မှုရှိသည်။ ယင်းကုမ္ပဏီငယ်၏ ဘုတ်အဖွဲ့ ထဲမှတစ်ဦးအား ယင်းကုမ္ပဏီငယ်၏ မန်နေဂျာအဖြစ် အများပိုင်ကုမ္ပဏီကြီး၏ စီအီးအိုက ဘုတ်အဖွဲ့နှင့် တိုင်ပင်ပြီးခန့်ရမည်။ ယင်းမန်နေဂျာ၏ အလုပ်အဖွဲ့ဝင်များအား ဘုတ်အဖွဲ့ က ရွေးချယ်ပေးသည် ( ပုဒ်မ ၁၆၂ – ၃ )။ ယင်းမန်နေဂျာသည် ကုမ္ပဏီငယ်၏ ရသုံးငွေစာရင်းများ၊ လုပ်ဆောင်ချက်များကို ဘုတ်အဖွဲ့ နှင့်တိုင်ပင်၍ ကုမ္ပဏီကြီးထံ တင်ပြရမည်။ ယင်းမန်နေဂျာသည် ကုမ္ပဏီကြီး၏ ဦးဆောင်စီမံခန့်ခွဲရေး အဖွဲ့ ဝင်ဖြစ်ပြီး စီအီးအို၏ ညွှန်ကြားကို လိုက်နာအကောင်အထည်ဖော်ရမည် ဖြစ် သည်။
သို့ဖြစ်၍ နိုင်ငံတော်အုပ်ချုပ်ပုံမှာ ဂုဏ်ထူးဆောင် ရာထူးသဘောဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်သော ဝန်ကြီးချုပ်တို့ မှာ လွှတ်တော်နှစ်ရပ်ပေါင်းက ရွေးချယ်ရပြီး ယင်းလွှတ်တော်များမှာ ဗမာပြည်မ၏ ဗမာပါတီအမတ်များက လွှမ်းမိုးထားသည်။ ပြည်နယ်ဝန်ကြီးများကို ဝန်ကြီးချုပ်က ရွေးချယ်ရပြီးသမ္မတက ခန့်အပ်ရသည်။ ယင်းဝန်ကြီးများမှာ ဝန်ကြီးချုပ်၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသာ ဖြစ်သည့်အတွက် နိုင်ငံတော်အုပ်ချုပ်ပုံမှာ ဗမာတစ်ပြည်ထောင်စနစ်သာဖြစ်သည်။ ဗမာ ပြည်မထဲတွင် တိုင်းများအဖြစ်သာ ပါဝင်နေရသော ရခိုင်နှင့်မွန်တို့အဖို့မှာဆိုလျှင် ပြည်နယ် အဆင့်ပင် မဟုတ်သည့်အတွက် ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာများ ဆုံးရှုံးနစ်နာနေကြရသည်မှာ ပြောဖွယ်ရာပင် မရှိချေ။ ပြည်နယ်များမှာလည်း ဗမာဗဟိုအစိုးရ၏ လိုက်လျောမှု၊ ခွင့်ပြုမှုနှင့် ထောက်ပံ့မှုအပေါ်တွင် မှီခိုနေကြရသည် ဖြစ်ရကား ပြည်ထောင်စုဆိုသည်မှာ အမည်ခံမျှသာ ဖြစ်သည်။
(င – ၃ ) ပါလီမန်လွှတ်တော်များ
ပြည်ထောင်စုပါလီမန်တွင် လူဦးရေအလိုက် ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လူမျိုးစုလွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ် ပါရှိသည်။ ပြည်သူ့လွှတ်တော်တွင် လူဦးရေကိုလိုက်၍ အမတ်နေရာ ( ၂၅၀ – ၃၄၀ ) ရှိနိုင်သည်။ လူမျိုးစု လွှတ်တော်တွင် အမတ် (၁၂၅) နေရာရှိသည်။ ပြည်သူ့လွှတ်တော်၏ အမတ်နေရာအရေအတွက်ကို လူမျိုးစုလွှတ်တော်၏ နှစ်ဆနီးနီး ဖြစ်နိုင်သမျှဖြစ်အောင် စီစဉ်ထားသည် ( ပုဒ်မ ၈၃ – ၂ )။ လွှတ်တော်နှစ်ရပ် တွဲဖက် ညီလာခံတွင် ဗမာများ၏ မဲအသာရရှိမှုကို သေချာသည်ထက် သေချာစေရန်ဖြစ်သည်။ ရှေ့တွင်ဖော်ပြခဲ့သကဲ့သို့ လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံမှ သမ္မတကို ရွေးချယ်ရသည်။ ပြည်သူ့လွှတ်တော်မှ ဝန်ကြီးချုပ်ကို ရွေးချယ်ရသည်။ ဝန်ကြီးချုပ်က ဝန်ကြီးများနှင့် နိုင်ငံတော်ရှေ့နေချုပ်ကို ရွေးချယ်ရသည်။ လွှတ်တော်နှစ်ရပ်၏ သဘောတူညီမှုဖြင့် တရားဝန်ကြီးချုပ်၊ တရားဝန်ကြီးများနှင့် နိုင်ငံတော်

စာရင်းစစ်ချုပ်တို့ကို သမ္မတက ခန့်အပ်ရသည်။ သို့ဖြစ်သောကြောင့် လွှတ်တော်နှစ်ရပ်ပေါင်းညီလာခံသည် ဗဟိုဥပဒေပြု အာဏာကို ချုပ်ကိုင်ထားရုံမျှမက ဗဟိုအစိုးရကို လည်းကောင်း၊ ဗဟိုတရားစီရင်ရေးကို သော် လည်းကောင်း မွေးထုတ်ပေးရာဖြစ်သည် ( ပုဒ်မ ၅၆ (၁)(၂)၊ ပုဒ်မ ၄၆ ၊ ပုဒ်မ ၁၂၆ (၁)၊ ပုဒ်မ ၁၂၉၊ ပုဒ်မ ၁၄၀ (၁)(၂) )။
ယင်းတို့မှာ ဗဟိုအာဏာသုံးရပ်ကို အခြားလူမျိုးစုများက ဝင်ရောက်စွက်ဖက်နိုင်မှု နည်းနိုင်သမျှနည်းစေပြီး ဗမာများကသာ စိတ်ကြိုက်ခြယ်လှယ်နိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လွှတ်တော်နှစ်ရပ်ပေါင်းညီလာခံတွင် ဗမာအမတ်များ၏မဲများ သာလွန်ပြီးဖြစ်သည်။ ဗမာအတိုက်အခံ ပါတီ သို့မဟုတ် အတိုက်အခံအင်အားစုများ ရှိသည့်တိုင် ယင်းတို့သည် ပြည်နယ်သစ်များ သတ်မှတ်ရေး၊ ပြည်နယ်များကို အာဏာနှင့် လုပ်ပိုင်ခွင့်များ တိုးပေးရေး၊ ပြည်နယ်များအား ထောက်ပံ့ငွေတိုးပေးရေးနှင့် ပြည်နယ် များခွဲထွက်ရေး အစရှိသည့် အခြားလူမျိုးစုများအား အခွင့်အာဏာ တိုးမြှင့်သတ်မှတ်ပေးရမည့် ကိစ္စများတွင် အစိုးရနှင့်လည်းကောင်း၊ အခြားဗမာပါတီများနှင့်လည်းကောင်း တစ်သဘောတည်းရပ်တည်မည်သာ ဖြစ် သည်။ ယင်းသို့ရပ်တည်ခဲ့ကြကြောင်း လာမည့်အခန်းများတွင် ဖော်ပြပါရှိမည်ဖြစ်သည်။
အကယ်၍ နိုင်ငံတော်ကို ပြည်ထောင်စုစစ်စစ်မူဖြင့် ဖွဲ့စည်းမည် ဆိုလျှင်
(၁) ဗမာပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် စသည်ဖြင့် ပြည်နယ်စုံလင်စွာ ဖွဲ့စည်းပြီး နိုင်ငံရေးအရ တန်းတူရမည်။
(၂) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များမှ အချိုးတူကိုယ်စားလှယ်အရေအတွက် စေလွှတ်ရမည်။
(၃) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမျိုးစုလွှတ်တော်အား တာဝန်ခံရမည်။
(၄) လူမျိုးစုအလိုက် ပြည်နယ်များဖွဲ့စည်းသည်ဖြစ်၍ ပြည်သူ့လွှတ်တော်တွင် ဗမာပြည်မဟူ၍ အခွင့်အရေးယူ ချုပ်ကိုင်နေမှုများ လျော့ကျသွားမည်။
(၅) ပြည်ထောင်စုအစိုးရအဖွဲ့သည် လွှတ်တော်ကရွေးချယ်သည့် အစိုးရမဟုတ်ဘဲ ပြည်သူများက သီးခြားရွေးကောက်တင်မြှောက်သော အစိုးရဖြစ်ရမည်။ သို့မှသာ အစိုးရနှင့် လွှတ်တော် အပြန်အလှန် ထိန်းကျောင်းနိုင်မည်။ လူမျိုးစုတစ်မျိုးတည်းက ပြည်ထောင်စုအစိုးရဖွဲ့ခွင့်ကို ချုပ်ကိုင်ထားနိုင်ခွင့်အား လျော့ကျစေမည်။
(၆) ပြည်ထောင်စုတရားစီရင်ရေးဆိုင်ရာ ရာထူးများကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မည်။
(၇) ပြည်ထောင်စုဥပဒေပြုစာရင်းသည် ပြည်နယ်များမှ လွှဲအပ်ထားသော ကိစ္စရပ်များ အတွက်သာ ဖြစ်ရမည်။
(၈) ကြွင်းကျန်သော ကိစ္စရပ်များအားလုံးအတွက် ပြည်နယ်များက ဥပဒေပြုပိုင်ခွင့်ရှိရမည်။ ယင်းဥပဒေပြုပိုင်ခွင့်အာဏာများအား ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စုအစိုးရ ကသော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။
(၉) ပူးတွဲဥပဒေပြုစာရင်းများအတွက် ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်သော ဥပဒေများနှင့် ပြည်နယ်က ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ညီညွတ်မှုရှိမည်။ ထိုသို့ဆိုသည့်အတွက် ပြည်နယ်က ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်သော ဥပဒေများနှင့် ကွဲလွဲမှုရှိပါက ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်သော ဥပဒေများကို အတည်ယူရမည်ဟု မဆိုလိုစေရ။ အမျိုးသားအကျိုးစီးပွားကို ဦးတည်လျက် ဥပဒေနှစ်ခုအား ညှိနှိုင်းရမည်။
(၁၀) ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေကြမ်းများကို သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးကာ ထုတ်ပြန်၍ ပြဋ္ဌာန်းရမည်။ နိုင်ငံတော်သမ္မတ၏ အတည်ပြုချက် ရယူရန် မလိုစေရ။
(၁၁) သို့ရာတွင် ပြည်နယ်တစ်ခုက ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ရပ်ရပ်သည် အခြားပြည်နယ်များ သို့မဟုတ် ပြည်ထောင်စုအကျိုးစီးပွားကိုထိခိုက်စေသည်ဟု နိုင်ငံတော်သမ္မတက ယူဆပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယင်းဥပဒေအား စိစစ်ပေးရန် တင်သွင်းနိုင်သည်။ ၁၉၄၇ အခြေခံဥပဒေ၌မူ ဥပဒေကြမ်းတစ်ရပ်အားလူမျိုးစုလွှတ်တော်က ပြင်ဆင်သည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ လွှတ်တော်နှစ်ရပ်ပေါင်းညီလာခံတွင် ဗမာအမတ်များ၏ မဲအများစုဖြင့် အတည်ပြုနိုင်သည်သာဖြစ်သည် ( ပုဒ်မ ၁၀၉ )။ ငွေဥပဒေကြမ်းမှာကား ဗမာအမတ်များကြီးစိုးသော ပြည်သူ့လွှတ်တော်၏ သဘောအတိုင်းသာဖြစ်ပြီး လူမျိုးစုလွှတ်တော်၏ ပြင်ဆင်ချက်၊ အကြံပေးချက်များကို ပြည်သူ့လွှတ်တော်က ထည့်သွင်းမစဉ်းစားလိုက မစဉ်းစားဘဲနေနိုင်သည် ( ပုဒ်မ ၁၀၅ )။
သို့ဖြစ်ရာ ဗမာများသည် ပြည်နယ်တစ်ခု အနေဖြင့်လည်း ပြည်ထောင်စုတွင် ပါဝင်ခြင်းမပြု၊ ပြည်ထောင်စုအာဏာများကို ရယူထားပြီး ကိုင်တွယ်သုံးစွဲရာတွင်လည်း အခြားလူမျိုးစုများအား ထိန်းညှိနိုင်သည့် အာဏာနှင့် အခွင့်အရေးကို ခွဲဝေပေးအပ်ခြင်းမပြုသည့်အတွက် ဗမာအမတ်များကြီးစိုးချုပ်ကိုင်နိုင်သော၊ သို့တည်းမဟုတ် ယင်းသို့ကြီးစိုးချုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသော ပြည်ထောင်စုပါလီမန်လွှတ်တော်သည် တစ်ပြည်လုံး အုပ်ချုပ်မှုအာဏာဖြစ်သော ပြည်ထောင်စုအစိုးရအားလည်းကောင်း၊ ပြည်နယ်များအား ပေးအပ်ထားသော အရေးမကြီးသည့် ကိစ္စရပ်များမှလွဲ၍ တစ်ပြည်လုံးအတွက် ဥပဒေပြုအာဏာကိုလည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ဝန်ကြီးချုပ်နှင့် တရားဝန်ကြီးများခန့်အပ်ခွင့်ကိုလည်းကောင်း၊ ပြည်ထောင်စုကုန်းတပ်၊ ရေတပ်၊ လေတပ် ဖွဲ့စည်းခွင့် ( ပုဒ်မ ၉၇) ကိုလည်းကောင်း၊ အခွန်တော်ဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း စသည်စသည်များကို ဗမာပြည်မ၏ ဗမာအမတ်များ မဲအားသာချက်ဖြင့် ဗမာတစ်ပြည်ထောင်နိုင်ငံတော်ကို ပြည်ထောင်စုအမည်နာမ၏ အရိပ်အာဝါသအောက်တွင် စိတ်ကြိုက်ဖန်တီးပုံသွင်းနိုင်လေသည်။
(င – ၄) ပြည်နယ်များ
၁၉၄၇ အခြေခံဥပဒေ၏ အခန်း (၉)တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည် နယ်၊ ချင်းဝိသေသတိုင်းတို့ကို ပြဋ္ဌာန်းထားသည်။
ပြည်နယ်ဥပဒေပြုစာရင်းသည် ကန့်သတ်စာရင်းဖြစ်ပြီး အရေးမကြီးသည့် ကိစ္စရပ်အချို့သာပါဝင်သည်။ သို့တိုင် ပြည်နယ်ကောင်စီသည် ဥပဒေကြမ်းတစ်ခုအား အတည်ပြုပြီးသောအခါ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာပေးရန် နိုင်ငံတော်သမ္မတအား တင်ပြရသည်။ နိုင်ငံတော်သမ္မတက ယင်းဥပဒေကြမ်းသည် အခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ မဆန့်ကျင်သည်ကို တရားလွှတ်တော်ချုပ်အား စိစစ်ဆုံးဖြတ်ရန် လွှဲအပ်နိုင်သည်။ ဤသည်မှာ ပြည်နယ်များအား ဥပဒေပြုခွင့်ပေးထားသော ကိစ္စရပ်များကိုပင် ပြည်ထောင်စုအစိုးရက လုံးဝလက်လွှတ်လိုက်ခြင်းမရှိဘဲ တစ်ကွက်ချုပ်ကိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
ပြည်နယ်က ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ခုခုသည် ပြည်ထောင်စုဥပဒေတစ်ခုခုနှင့် ဆန့်ကျင်နေခဲ့သည်ရှိသော် ပြည်ထောင်စုဥပဒေကိုသာ အတည်ယူရမည် (ပုဒ်မ ၉၄ )။ ယင်းသည် ဗမာအများစု၏မဲဖြင့် အတည်ပြုထားသော ဥပဒေကို ကာကွယ်ထားခြင်းဖြစ်ပြီး လူမျိုးစုပြည်နယ်များ၏ ဥပဒေပြုခွင့်ကို နောက်တစ်ကွက် ထပ်၍ချုပ်လိုက်ခြင်းပင်ဖြစ်သည်။ ပြည်နယ်ဝန်ကြီး သို့မဟုတ် ပြည်နယ်ဥက္ကဋ္ဌသည် ဗဟိုအစိုးရ၏ ဝန်ကြီးတစ်ဦးအဖြစ် ဝန်ကြီးချုပ် လက်အောက်တွင် ရှိနေခြင်းသည်လည်း ပြည်နယ်များအား ဗမာဗဟိုအစိုးရဝန်ကြီးချုပ်လက်အောက်သို့ ထည့်သွင်းကာ ထပ်မံချုပ်ကိုင်လိုက်ခြင်းပင် ဖြစ်သည်။ ယင်းပြည်နယ်ဝန်ကြီး သို့မဟုတ် ပြည်နယ်ဥက္ကဋ္ဌ ခန့်ပိုင်ခွင့်မှာလည်း ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းကာ သမ္မတကခန့်အပ်ရသည်ဖြစ်ရာ ဒီမိုကရေစီသဘော နှင့်သော်လည်းကောင်း၊ ဖက်ဒရယ်သဘောနှင့်သော်လည်းကောင်း ကိုက်ညီမှုမရှိသည့်အပြင်၊ ဗဟိုအစိုးရ၏ သဘောကျသူကိုသာ အတည်ပြုခန့်အပ်နိုင်သည့်အတွက် ဗဟိုချုပ်ကိုင်မှုကို အသာစီးရယူထားသည်။
အမှန်တကယ်၌ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်နယ်ရှိ ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက် ခြင်းဖြင့်လည်းကောင်း၊ ပါလီမန်စနစ်ဖြင့် သွားမည်ဆိုလျှင် ပြည်သူများက လွတ်လပ်စွာရွေးကောက် တင်

မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခြင်းဖြင့်လည်းကောင်း တင်မြှောက်ခံရသူ ဖြစ်ရ ပေမည်။ ယင်းသို့ ရွေးချယ်တင်မြှောက်မှုအားနိုင်ငံတော်သမ္မတက သို့မဟုတ် ပြည်ထောင်စုဝန်ကြီးချုပ်က အတည်ပြုခန့် အပ်ရန်လိုအပ်ခြင်း မရှိစေရပေ။ ထိုမှသာ ဖက်ဒရယ်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုက ရထိုက်သော အခွင့်အရေးကို ရရှိရာရောက်ပေလိမ့်မည်။
ပြည်နယ်များသည် သတ္တုတွင်းလုပ်ငန်း၊ သစ်တောလုပ်ငန်း အစရှိသည့် လုပ်ငန်းကြီးများကို လုပ်ကိုင် ခွင့်မရကြပေ။ ယင်းသို့သော လုပ်ငန်းကြီးများကို ပြည်ထောင်စုဝန်ကြီးဌာနများ သို့မဟုတ် ယင်း၏လက် အောက်ခံ ဌာနခွဲများ၊ ကော်ပိုရေးရှင်းများ၊ အဖွဲ့အစည်းများကသာ လုပ်ကိုင်ရကြသည်။ ( ပုဒ်မ ၃၀ ) အရ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ဆိုသည်။ (ပုဒ်မ ၂၂၄) အရသစ်တောအားလုံး၊ မြေအောက်ရှိသတ္တုနှင့် အခြားပစ္စည်းများအားလုံး၊ ဓာတ်ဖက်ဝင် ဆေးဖက်ဝင်ရေ စသောရေများ၊ သဘာဝအင်အားတို့၏ ပင်ရင်းအခြေအမြစ်များ၊ သံလမ်းဖြင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းများ၊ စာပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းများ၊ ကြေးနန်းနှင့် ကြေးနန်းမဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အသံလွှင့်လုပ်ငန်းဆိုင်ရာ ပစ္စည်းများသည် ဤအခြေခံဥပဒေအာဏာ တည်သည်မှစ၍ ပြည်ထောင်စုနိုင်ငံ၏ ပစ္စည်းများဖြစ်ရမည် ဟုဆိုထားသည်။
သို့ဖြစ်၍ တစ်ပြည်လုံးရှိ မြေယာများကို စီမံခြင်း၊ သစ်တော၊ သတ္တုတွင်း နှင့် မြေအောက်ရှိ သယံဇာ၊ ရေအောက်ရှိ သယံဇာတနှင့် သဘာဝအရင်းအမြစ်များအားလုံးကို ပြည်ထောင်စုအစိုးရက ပိုင်သည်။ စီမံခန့်ခွဲ နိုင်သည်။ ယင်းတို့ကို ပြည်ထောင်စုအစိုးရလက်အောက်ရှိ အဖွဲ့အစည်းများက ကိုယ်တိုင်သော်လည်းကောင်း၊ ဖက်စပ်သော်လည်း ကောင်း လုပ်ကိုင်၍ အကျိုးအမြတ်ရရှိနိုင်ပြီး အခွန်ဘဏ္ဍာကို ပြည်ထောင်စုအစိုးရက ရရှိသည်။ ပြည်ထောင်စုအစိုးရဆိုသည်မှာလည်း ဗမာပြည်မ၏ ဗမာအစိုးရသာလျှင်ဖြစ်သည်။ ဌာနေတိုင်းရင်းသား တို့၏ အကျိုးခံစားခွင့်မှာ အင်္ဂလိပ်လက်ထက်လောက်ပင် မရရှိဖြစ်ရလေသည်။
ပြည်နယ်များ၏ အခွန်တော်စာရင်းသည် လွန်စွာနည်းပါးလှသည်။ မြေခွန်၊ မူးယစ်ထုံထိုင်းသော ပစ္စည်းများ၊ သစ်တော၊ ကုန်သွယ်မှု၊ ရေယာဉ်၊ မော်တော်ယာဉ်၊ ဆည်မြောင်း၊ ပွဲလမ်းသဘင်၊ လောင်းကစား စသည်တို့၏ အခွန်ငွေများနှင့်၊ မှတ်ပုံတင်ကြေး၊ တရားရုံးဒဏ်ကြေး စသည့်ဒဏ်ကြေးများနှင့်၊ အခခွန်များသာ ဖြစ်ရာ ဒဏ်ကြေးနှင့် အခခွန်များမှာ ပြည်နယ်တစ်ခုအတွက် မဖြစ်စလောက်သာဖြစ်သည်။
အမှန်တကယ် ပြည်နယ်ရန်ပုံငွေအတွက် ရရှိနိုင်မည့် အခွန်တော်များမှာ လောက်လောက်လားလား မရှိပေ။ ယင်းသည် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို လျှော့ချထားပြီး ပြည်ထောင်စု ထောက်ပံ့ငွေအပေါ် မှီခိုနေစေရမည့် အချက်ဖြစ်သည်။ ထို့ပြင် ဗမာပြည်နယ်မဖွဲ့စည်းဘဲ ဗမာပြည်မကပင် ပြည်ထောင်စုအစိုးရ အခွင့်အာဏာများကို ရယူထားသည်ဖြစ်ရာ တစ်နည်းအားဖြင့်ဆိုလျှင် ပြည်နယ်များသည် ဗမာပြည်မထံမှ ထောက်ပံ့ကြေး တောင်းနေရသည့်ဘဝသို့ ဆိုက်ရောက်နေခဲ့ရလေသည်။
ဥပမာ – ပြည်ထောင်စုအစိုးရသည် ၁၉၅၅ – ၅၆ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်မှ အခွန်ဘဏ္ဍာ ကျပ်ငွေ ( ၂၇၉၆၀၆၀ဝ၀ ) ( ကျပ်သန်း ၂၈၀ ) နီးပါးရရှိခဲ့သည်။ သို့စဉ်တွင် ရှမ်းပြည်နယ်အစိုးရသည် ပြည်နယ်တွင်း အခွန်တော်ရငွေမှာ ကျပ် (၄) သန်းစွန်းရုံမျှသာ ရရှိသည်။ သို့စဉ်တွင်ပင် ရှမ်းပြည်၏ အသုံးစရိတ် မှာ ကျပ် (၁၇) သန်းကျော်ဖြစ်သည်။ ယင်းလိုအပ်မှုကို ပြည်ထောင်စုအစိုးရမှ ကျပ် (၁၂ . ၅) သန်း ထောက်ပံ့ သည်ဆိုသော်လည်း လိုအပ်ချက်ကို မပြည့်မီသေးပေ။ ယင်းထောက်ပံ့ငွေမှာ ရှမ်းပြည်နယ်မှ ပြည်ထောင်စု အစိုးရကောက်ခံရရှိသွားသော ကျပ်သန်း (၂၈၀) ၏ (၄ . ၅) ရာခိုင်နှုန်းမျှသာရှိသည်။ ရှမ်း ပြည်နယ်သည် မိမိပြည်နယ်၏ အခွန်ဘဏ္ဍာအားလုံးကိုသာ ကောက်ခံသုံးစွဲခွင့်ရှိမည်ဆိုလျှင် ကျပ်သန်း (၂၈၀) သည် ရှမ်းပြည် အား ကောင်းစွာတိုးတက် ဖွံ့ဖြိုးစေလိမ့်မည်။ ယင်း၏လေးပုံတစ်ပုံမျှဖြစ်သော ကျပ်သန်း (၇၀) မျှရရှိခဲ့လျှင်ပင် များစွာ အဆင်ပြေပေလိမ့်မည်။
၁၉၅၆-၅၇ တွင် ပြည်နယ်များမှရရှိသည့် ပြည်ထောင်စု၏ ထောက်ပံ့ငွေများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရှမ်းပြည်နယ် | ကျပ် – ၁၂၅၀ဝ၀ဝ၀ |
ကချင်ပြည်နယ် | ကျပ် – ၇၅၀ဝ၀ဝ၀ |
ကယားပြည်နယ် | ကျပ် – ၂၀ဝ၀ဝ၀ဝ |
ကရင်ပြည်နယ် | ကျပ် – ၃၈၀ဝ၀ဝ၀ |
၁၉၅၆-၅ တွင် ပြည်နယ်များ၏ ပြည်နယ်တွင်း အခွန်တော်ကောက် ခံရရှိငွေများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရှမ်းပြည်နယ် | ကျပ် – ၄၁၂၇၃၄၀ |
ကချင်ပြည်နယ် | ကျပ် – ၃၉၀၄၂၃၀ |
ကယားပြည်နယ် | ကျပ် – ၅၀၆၃၉၀ |
ကရင်ပြည်နယ် | ကျပ် – ၂၀ဝ၈၄၃၀ |
၁၉၅၆-၅၇ တွင် ပြည်နယ်များ၏ သာမန်အသုံးစရိတ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ရှမ်းပြည်နယ် | ကျပ် – ၁၇၂၁၁၀ဝ၀ |
ကချင်ပြည်နယ် | ကျပ် – ၁၂၀၆၉၀ဝ၀ |
ကယားပြည်နယ် | ကျပ် – ၂၉၃၈၀ဝ၀ |
ကရင်ပြည်နယ် | ကျပ် – ၆၉၁၆၀ဝ၀ |
အထက်ပါစာရင်းများကို ကြည့်ခြင်းအားဖြင့် ပြည်နယ်များသည် ဘတ်ဂျက်လိုအပ်ချက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် ပထမပြင်ဆင်ခြင်းအနေဖြင့် ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ပြည်ထောင်စု အခွန်တော်စာရင်းကို လျှော့ချကာ ပြည်နယ်ဥပဒေပြုစာရင်းနှင့် ပြည်နယ်အခွန်တော်စာရင်းကို တိုးပေးရန်ဖြစ်သည်။ ဒုတိယပြင်ဆင်ရမည့်အချက်မှာ ( ဗမာပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ် စသည်ဖြင့်) ပြည်နယ်များ ပြည့်စုံစွာဖွဲ့စည်းပြီး ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ပြည်ထောင်စုအခွန်တော်စာရင်းတွင် ပြည်နယ်များမှ လွှဲအပ်ထားသည့် တစ်ပြည်လုံးဆိုင်ရာကိစ္စရပ်များကိုသာ ထည့်သွင်းခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်ပူးတွဲစာရင်းကိုပြုစုခြင်းနှင့် ကြွင်းကျန်သောကိစ္စရပ်များကို ပြည်နယ်ဥပဒေပြုစာရင်းနှင့် ပြည်နယ်အခွန်တော်စာရင်းတို့တွင် ထည့်ရန်ဖြစ်သည်။
သို့ရာတွင် ၁၉၄၇ အခြေခံဥပဒေအရ ပြည်နယ်များသည် ပြည်နယ်အမည်ခံမျှသာဖြစ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားစီရင်ရေးနှင့် အခွန်ဘဏ္ဍာကိစ္စရပ်များတွင် လွတ်လပ်မှုမရှိဘဲ ပြည်ထောင်စုအခွင့်အာဏာကို ရယူထားသော ဗမာပြည်မ (ယင်းတွင် ရခိုင်နှင့်မွန်ကို ကိုလိုနီပြုထားသည်) ၏ ချုပ်ကိုင်စီမံမှုအောက်တွင် ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာခဲ့ကြရသည်။
(စ) ပါတီစုံ တစ်ပြည်ထောင်စနစ်မှ တစ်ပါတီ တစ်ပြည်ထောင်စနစ်သို့
မြန်မာပြည်ထောင်စုတည်ထောင်မည်ဟု ဗမာခေါင်းဆောင်များက လူမျိုးစုများအား ဆွဲခေါ် စည်းရုံးစဉ်က လူမျိုးစုများသည် လူမျိုးရေးတန်းတူမှု၊ အခွင့်အရေးတန်းတူမှုနှင့် ခွဲထွက်ပိုင်ခွင့်ရှိသော ပြည်ထောင်စုမျိုးကို မြင်ယောင်ကာ လက်ခံခဲ့ကြသည်။ ဥပဒေ စကားလုံး အကျအပေါက်များကိုလည်း ဂရုစိုက်စရာမလိုဘဲ လူမျိုးစုအချင်းချင်း မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လိုသည်ပိုသည်များကို လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဆွေးနွေးကာ အခြေခံဥပဒေကိုလည်း ကောင်းသည်ထက်ကောင်းအောင် လုပ်သွားကြမည်ဟု ယုံကြည်ခဲ့ကြသည်။
တိုင်းပြည်ပြုလွှတ်တော် ပထမညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း က –
” တိုင်းပြည်ပြုလွှတ်တော်မဖွဲ့စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော်ဖွဲ့စည်းရန်အလို့ငှာ ကျွန်တော်တို့ သဘောတူညီချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသက ကိုယ်စားလှယ်များ နှင့်

ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ဆိုလို့ရှိလျှင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို့ လက်ခံလာခဲ့သည့်အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ Not only the Letter of Agreement သည် စာသဘောကို ကျွန်တော်တို့ သဘောတူညီလာခဲ့တာတွင်မကဘဲ၊ ကျွန်တော့်အဖို့မှာ ဆိုလို့ရှိလျှင် The Sprit of Agreement သဘောတူညီလာခဲ့တဲ့ တကယ့်အရင်းခံသဘောတရားကို လက်ခံပြီးတော့ သည်အတိုင်းဘဲ၊ သည်တိုင်းပြည်ပြုလွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တည့်တည့်လင်းလင်း နားလည်စေချင်ပါတယ် ”
” ကမ္ဘာပေါ်တွင် မည်သည့်ဖွဲ့စည်းပုံဥပဒေတွင်မှ ပြည့်ပြည့်စုံစုံရှိသော ဥပဒေဟူ၍ မရှိကြောင်း၊ ဥပဒေကဲ့သို့သောစိတ်ဓာတ် Sprit of the Constitution ဖြင့် နောက်ပိုင်း ယင်းဥပဒေအပေါ်တွင် တစ်ဦး နှင့်တစ်ဦး နားလည်ပြီး ယုံယုံကြည်ကြည်လုပ်သောလုပ်ငန်းများ extraconstitutional understanding and convention နှင့် ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ”
ကတိပေးခဲ့သည်။
ဗမာ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းနှင့် အနီးကပ်လုပ်ဖော်ကိုင်ဖက်ဖြစ်သော ရခိုင်အမျိုးသား ဖဆပလ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဇံဝေ၏ မှတ်တမ်းတွင် ( မောင်ကံထူး၏ ကိုယ်တွေ့မှတ်တမ်း ) ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ၁၉၄၇ အခြေခံဥပဒေကြမ်းတွင် တစ်ပါတည်းသတ်မှတ်ထားရန် လိုအပ်ကြောင်း ရခိုင်အမတ်များက တောင်းဆိုခဲ့ကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ လွတ်လပ်ရေးကြေညာနိုင်ရန်အတွက် နှောင့်နှေးကြန့်ကြာနေမည်ကို မလိုလားကြောင်း၊ တောင်တန်းဒေသနှင့် အပေးအယူလုပ်ရာတွင် အချိန်များစွာ ကြာခဲ့၍တစ်ကြောင်း၊ လူမျိုးအချင်းချင်း မညီညွတ်ဟူသောသဘောဖြင့် ပြည်ပပယောဂဝင်ရောက်လာမည်ကို မလိုလား အပ်သည်ကတစ်ကြောင်း စသည့်အကြောင်းများကြောင့် လောလောဆယ် မူတစ်ခုအနေဖြင့်လက်ခံကာ ဥပဒေ ကြမ်းတွင် အခန်း (၉) အပိုင်း (၆) ပုဒ်မ (၁၉၉) ကို ထည့်သွင်းခဲ့ကြသည်ဟူ၍ ပြည်နယ်သစ်များနှင့်ပတ် သက်သော ကတိကဝတ်များကို ဖော်ပြထားသည်။
သို့ပင်သော်ငြား ၁၉၄၈ တွင် ဗမာ့လွတ်လပ်ရေးရပြီးသောအခါ ဥပဒေပါ စကားလုံးများအတိုင်း အကျ အပေါက်အဓိပ္ပါယ်ဖွင့်ဆိုကာ ဥပဒေကဲ့သို့သောစိတ်ဓာတ် Sprit of the Constitution လည်း ပျောက်ဆုံးခဲ့ပြီး ပြည်နယ်များမှာကိုလိုနီတစ်ပိုင်း ဖြစ်ခဲ့ရသည်။ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာအားလုံးနီးပါးကို ဗမာပြည်မက ချုပ်ကိုင်ထားခဲ့သည်။ ရခိုင်နှင့် မွန်တို့မှာမူ လုံးလုံးလျားလျား ကိုလိုနီဖြစ်ခဲ့ရလေသည်။ စင်စစ်၌ ၁၉၄၇ အခြေခံဥပဒေတွင် ပြည်နယ်ရပြီးဖြစ်သောလူမျိုးစုများသည်လည်းကောင်း၊ ပြည်နယ် မရသေးသော လူမျိုးစုများသည်လည်းကောင်း ဥပဒေစကား လုံးများထက် လွတ်လပ်ရေးကပို၍ အရေးကြီး သည်ဟု ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို အခြေခံသော လူကြီးလူကောင်းများ၏နှုတ်ကတိ Gentlemen Agreement ကို လေးစားခဲ့ကြသည်။ သို့ရာတွင် အခြားလူမျိုးစုများကို ဗိုလ်ကျစိုးမိုးကိုလိုနီပြုလိုသော ဗမာခေါင်းဆောင်များအတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်ခဲ့ရသည်။ သို့တည်းမဟုတ် အခွင့်ကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
သို့ရာတွင် ပြည်နယ်များက ကောက်ခံခွင့်ရသော အခွန်အကောက်များ နည်းပါးမှု၊ ဥပဒေပြုခွင့်ရသော ကိစ္စရပ်များချို့ငဲ့မှု၊ ဗမာပြည်နယ်မဖွဲ့စည်းဘဲ ပြည်ထောင်စုအာဏာများကို ဗမာပြည်မက ရယူထားမှု၊ ပြည်နယ်ဥက္ကဋ္ဌကို ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းကာ သမ္မတက ခန့်အပ်ရမှု၊ ပြည်နယ်ကောင်စီက အတည်ပြုလိုက်သော ဥပဒေများကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုရမှု၊ လူမျိုးစုလွှတ်တော်တွင် ဗမာ ပြည်နယ်မပါခြင်းနှင့် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မပါခြင်းများကြောင့် ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက်စေလွှတ်ခြင်းမျိုး မဆောင်ရွက်နိုင်မှု၊ လုပ်ငန်းကြီးများနှင့် ရေ၊ မြေ၊ သယံဇာတ၊ တွင်းထွက်များကို ပြည်ထောင်စုခေါ် ဗမာပြည်မမှ ချုပ်ကိုင်ထားသည်ဖြစ်၍ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များ ဆုံးရှုံးကာ အခွန် ဘဏ္ဍာများယုတ်လျော့ပြီး ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ဟူသော အခန်းကဏ္ဍ၏ အနှစ်သာရ ပျောက်ဆုံးမှုများ ကြောင့် ၁၉၄၇ အခြေခံဥပဒေ၏ နောက်ဆက်တွဲပြဿနာများသည် တငွေ့ငွေ့လောင်ကျွမ်း၍ နေခဲ့သည်။
၁၉၄၇ ခုနှစ် မေလ ၂၃ ရက် – ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အတည်ပြုခဲ့သော အခြေခံ ဥပဒေမူကြမ်း၏အခြေခံသဘောတရား (၁၄) ချက်၏ နံပတ် (၃) ပုဒ်ခွဲ (၁) တွင် ပါရှိသည့် ပြည်ထောင်စု ပြည်နယ်များတွင်ရှိရမည့် ဂုဏ်အင်္ဂါ (၇) ချက်နှင့် ကိုက်ညီသော်လည်း ပြည်ထောင်စုဝင် ပြည်နယ်များအဖြစ် ဖွဲ့ စည်းခွင့်မရရှိသေးသည့် ရခိုင် နှင့် မွန်တို့၏ ပြည်နယ်ရရှိရေးလှုပ်ရှားမှုများမှာလည်း မြင့်တက်လာခဲ့သည်။
ပြည်ထောင်စုကို ဗမာများက ဦးဆောင်သင့်သည်ဟု ယူဆနေကြသော ဗမာခေါင်းဆောင်များသည် လွတ်လပ်ရေးရပြီးကာစ၊ ပြည်ထောင်စုဖွဲ့တည်ကာစ၊ တိုင်းပြည်ထူထောင်ကာစတွင် အရေးကြီး၍ အဓိက ကျသော –
(၁) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး
(၂) လူမျိုးစုအားလုံး၏ နိုင်ငံတော် ဖြစ်လာရေး
(၃) လူမျိုးစုပြည်နယ်အားလုံး တစ်ပြေးညီတိုးတက်ဖွံ့ ဖြိုးရေး
(၄) နိုင်ငံရေးတွေးခေါ်မှု မြင့်မားလာရေး
( ဥပမာ – စစ်တပ်၊ အစိုးရဌာန၊ နိုင်ငံရေးပါတီနှင့် ပြည်သူများ ) စသည်များကို ဦးစားပေး၍ လုပ်ဆောင်မှုထက် ဗမာခေါင်းဆောင်များ အချင်းချင်းအယူဝါဒများ၊ ပုဂ္ဂလိ က အာဃာတများနှင့် တစ်ယူသန်အစွန်းရောက်မှုများနှင့် တိုင်းပြည်၏အနာဂတ်နှင့် အကျိုးစီးပွားကို မစဉ်းစား ဘဲ မိမိအာဏာရရှိရေးအတွက် အုပ်စုဖွဲ့ ကြခြင်း၊ ကွဲကြပြဲကြခြင်းများဖြင့် သံသရာလည်နေခဲ့သည်။ မိမိတို့ အုပ်စု အသာစီးရရှိရေးအတွက် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိသော စစ်တပ်ကို သူ့ဖက်၊ ငါ့ဖက်ပါအောင်ချော့ပေါင်းကြခြင်းဖြင့် စစ်တပ်သည် ဒီမိုကရေစီလမ်းကြောင်းမှ တဖြည်းဖြည်း သွေဖည်လာ ကာ အင်အားစုဆောင်းပြီး ကြီးထွားလာခဲ့သည်။
သို့ရာတွင် ဗမာတို့၏ အဓိက၊ မူလပန်းတိုင်နှင့် အန္တိမရည်မှန်းချက်ဖြစ်သော အခြားလူမျိုးများအပေါ် ချုပ်ကိုင်အုပ်စိုးကာ ဗမာလူမျိုးကြီးတစ်ပြည်ထောင်နိုင်ငံတည်ထောင်ရေးကိုမူ ယနေ့တိုင် သစ္စာဖောက်ဖျက် ခြင်းမရှိသေးဘဲ စွဲမြဲစွာဆုပ်ကိုင်ထားတုန်းပင် ဖြစ်သည်။
ဥပမာအားဖြင့် – ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ရရှိရေးလှုပ်ရှားမှုများတွင် ပြည်နယ်ပေးသင့်ကြောင်း တစိုက်မတ်မတ်ထောက်ခံလာခဲ့သော ဖဆပလ၏ အတိုက်အခံ ပမညတအဖွဲ့သည်ပင် ဗမာအလံတော် အောက်တွင် ပြည်နယ်ရလိုမှုကို သဘောတူညီမှုရှိသော်လည်း၊ ဗမာသည် ပြည်မ မဟုတ်တော့ဘဲ၊ ဗမာသည် ပြည်ထောင်စု၏အာဏာကို ဆုပ်ကိုင်ခွင့်မရတော့ဘဲ၊ ဗမာသည် ပြည်နယ်တစ်ခုဖြစ်ကာ အခြားလူမျိုးစု ပြည်နယ်များဖြင့် အဆင့်အတန်းတူ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ ရမည်ဆိုသည့်အခါ လက်မခံနိုင်တော့ပေ။
ပြည်ထောင်စုစစ်စစ်မူနှင့်ပတ်သက်လာသောအခါ ဖဆပလ၊ ဆိုရှယ်လစ်၊ ပမညတ စသော ဗမာနိုင်ငံ ရေးအဖွဲ့ အစည်းအားလုံးတစ်သားတည်း ပေါင်းစည်းကုန်ကြသည်မှာ ၄င်းတို့၏ ဘုံရည်မှန်းချက်ကို ကာကွယ်ကြခြင်းသာဖြစ်သည်။ ပြည်ထောင်စုစစ်စစ်မူနှင့်ပတ်သက်၍ ဆွေးနွေးကြသည့် ( ဖက်ဒရယ်မူဆွေးနွေးပွဲကြီး ) ဒုတိယနေ့ဖြစ် သော ၁၉၆၂ ခုနှစ် မတ်လ (၁) ရက်တွင် ပမညတ ကိုယ်စားလှယ် ဝိဓူရ သခင်ချစ်မောင် က

” ဗမာပြည်မကို အခြေခံပြီး ပြည်ထောင်စုဖွဲ့ စည်းထားခြင်းသည် နိုင်ငံတကာပြည် ထောင်စုများဖွဲ့စည်းထားပုံ ရာဇဝင်အရ သော်လည်းကောင်း၊ မြန်မာရာဇဝင်အရ သော်လည်းကောင်း၊ ဗဟိုခေါင်းဆောင်မှုနှင့် ညီညွတ်ရေးစု စည်းချက်အတွက် သော် လည်းကောင်း၊ ဤအချိန် ဤကဲ့သို့ပင် ဖွဲ့ရမည် –
ယင်းသည် ဘဝကို က ပေးတဲ့ပစ္စည်း၊ ဘုရားကို က ပေးတဲ့ပစ္စည်း ”
ဖြစ်ကြောင်းတင်ပြခဲ့ရာ ဗမာများသည် တိုင်း ရင်းသားလူမျိုးများအပေါ် လွှမ်းမိုးချုပ်ကိုင်ထားမှုကို လက်မလွှတ်နိုင်ကြောင်း၊ ယင်းမှာဗမာများ၏ မွေးရာပါရပိုင်ခွင့်ပင်ဖြစ်ကြောင်းကို အခိုင်အမာ မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။
ဦးနု၏ ပထစအစိုးရသည် ၁၉၆၂ ခုနှစ်တွင် ရခိုင်ပြည်နယ်ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းခြင်း၊ ယင်း ကော်မတီကရေးဆွဲတင်ပြသော ဥပဒေကြမ်းများကို လက်ခံစစ်ဆေးပြီး ပါလီမန်အစည်းအဝေးတွင် တင်သွင်း ရန်စီစဉ်ထားခြင်းများကို တည်မြဲဖဆပလ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဗဆွေက ဝန်ကြီးချုပ်ဦးနုထံသို့ “ယင်းကိစ္စကို ဆိုင်းငံ့ထားသင့်ကြောင်း” ပုဂ္ဂိုလ်ရေးပေးတစ်စောင်ကြောင့် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ပါလီမန်အစည်းအဝေး စလျှင်စချင်း ရခိုင်ပြည်နယ်ဥပဒေကြမ်းကို တင်သွင်းရန် အစီအစဉ်အား ရက်အကန့်အသတ်မရှိ ရွှေ့ ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ရခြင်း၏ နောက်ကွယ်မှ အမှန်တရားသည် ဗမာလူမျိုးကြီးဝါဒနှင့် ပတ်သက်လာလျှင် ဗမာများ၏ ညီညွတ်မှုနှင့် အခြားတိုင်းရင်းသားများကို ချုပ်ကိုင် ထားပိုင်ခွင့်အား လက်မလွှတ်လိုမှုပင်ဖြစ်သည်။
ဝန်ကြီးချုပ်ဦးနုသည် ၁၉၄၈ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် ကျင်းပသော လွှတ်တော် ဆဋ္ဌမ အကြိမ်ညီလာခံတွင် –
” အမှန်အတိုင်း အစီအရင်ခံရလျှင် ပြည်ထောင်စုကြီးကို နောက်ထပ်ခွဲခြမ်းပေးဖို့ကို မပြောနှင့်၊ အခုရှိရင်းစွဲဖြစ်နေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည် နယ်ဆိုတဲ့ ခွဲခြမ်းမှုကိုပင် ကျွန်တော်တို့ရဲ့ တစ်ကိုယ်တည်း သဘောထားကို ပြောရလျှင် ရာခိုင်နှုန်းအပြည့် သဘောမကျပါဘူး ”
ဟုလည်းကောင်း၊ ၁၉၅၇ ခုနှစ် မတ်လ လွှတ်တော်အစည်းအဝေးတွင် ပြောကြားရာ၌ –
” (ရှမ်း၊ ကချင်၊ ကရင်နီ ) ပြည်နယ်တွေကို ပေးရတယ်ဆိုတာ ပေးချင်လွန်းလို့ ပေးရတာမဟုတ်ဘူး ဆိုတာ …. အမှန်စင်စစ် ကျွန်တော်တို့ ကြိုက်တာက ဗမာပြည်လို ဇီးစေ့လောက်ရှိတဲ့ နိုင်ငံလေးတစ်နိုင်ငံဟာ သည်လိုပြည်နယ်တွေ ခွဲထွက်ဖို့ မလိုဘူးလို့ ယုံကြည်ပါတယ် “
ဟုလည်းကောင်း၊ ၁၉၆၂ ခုနှစ် မတ်လ (၁) ရက်နေ့ ဖက်ဒရယ်မူဆွေး နွေးပွဲကြီးတွင် ဖဆပလ ခေါင်းဆောင် ဦးဗဆွေက –
” မိမိတို့က တစ်ပြည်ထောင်စနစ်ကိုကြိုက်ချင်သော်လည်း ပြည်ထောင်စုစနစ်နှင့်ပင် အစပျိုးခဲ့ရ ကြောင်း …. ဗမာပြည်မသည် ရေ၊ မြေ၊ အနေအထားအရ သဘာဝ အလျောက် အခြားပြည်နယ်တွေထက် ပိုမိုတိုးတက် ဖွံ့ဖြိုးနေသောကြောင့် ကျန်ပြည်နယ်များအားလုံး၏ တိုးတက်ရေးအတွက်ပါ တာဝန်ယူသင့်သည် ဟု ယူဆသောကြောင့် ဗမာပြည်မကို ပြည်နယ် မဖွဲ့ပေးခြင်းဖြစ်ကြောင်း “
စသည်ဖြင့် ပြောဆိုခဲ့သည်များကိုထောက်ရှုလျှင် ဗမာခေါင်းဆောင်များသည် တိုင်းရင်းသားလူမျိုးစု များအား ဗိုလ်ကျစိုးမိုးလိုပြီး ဗမာများသည် အခြားလူမျိုးစုများထက် သာလွန်သည်ဟူသည့် အယူအဆရှိသော လူမျိုးကြီးဝါဒီများဖြစ်ကြောင်း သိသာနိုင်လေသည်။

ဝန်ကြီးချုပ်ဦးနုသည် ရှေ့တွင်ဖော်ပြခဲ့သကဲ့သို့ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ဖွဲ့စည်းရေးကို သဘောမကျသော်လည်း ဖဆပလ (၂) ခြမ်းကွဲပြီး အာဏာလုကြသည့်ပွဲတွင် ထောက်ခံမဲလိုချင်သောကြောင့် ရခိုင်နှင့် မွန်ကို ပြည်နယ်ပေးမည်ဟု ကတိပေးခဲ့သည်။ ယင်းကတိကို အချိန်ရသမျှဆွဲနေသော်ငြား တစ်စတစ်စ အကောင်အထည်ဖော်လာရပြီး၊ တိုင်းရင်းသားများ ဆန္ဒပြင်းပြနေသော ဖက်ဒရယ်မူအားလည်း အမျိုးသား ညီလာခံကျင်းပကာ ဆွေးနွေးကြစေသည်ဖြစ်ရာ ဗမာခေါင်းဆောင်များက ဦးနုသည် ဗမာလူမျိုးကြီးဝါဒနှင့် တစ်ပြည်ထောင်စိုးမိုးရေးမူကို သစ္စာဖောက်သွားပြီလားဟုလည်း စိုးရိမ်မကင်း ဖြစ်လာကြပေလိမ့်မည်။
ယင်းသို့ စိုးရိမ်ကြသူများထဲတွင် ဗမာနိုင်ငံရေးပါတီများ ကွဲခြမ်းကြပြီး အင်အားယုတ်ကာ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်နေကြစဉ်အတွင်း မိမိအဖွဲ့ကို အင်အားကြီးမားအောင်မွေးမြူကာ နိုင်ငံတော်အာဏာကို အလစ်ချောင်းနေသော ဗိုလ်နေဝင်းလည်း အပါအဝင်ဖြစ်သည်။
ဗိုလ်နေဝင်းသည် ၁၉၅၈ တွင် အိမ်စောင့်အစိုးရ တစ်ကြိမ်လုပ်ခဲ့ပြီးသည် တွင် အစိုးရလုပ်ရသည့်အရသာကို မက်နေခဲ့ပြီဖြစ်သည်။ သို့မဟုတ် ၁၉၅၈ ခုနှစ်တွင် (အိမ်ကို အပိုင်သိမ်းရန်) စစ်အာဏာသိမ်းရန် ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် အိမ်စောင့်လိုက်ရသည့်အတွက် အာသာမပြေဖြစ်ကာ အိမ်ပိုင်ရှင်၊ အာဏာပိုင်ရှင် ကြီးဖြစ်ရန် ကြံစည်နေသည့်အတွင်း ခေါင်းစဉ်ရသွားခြင်းလည်း ဖြစ်သည်။ သူသည် အခြားဗမာခေါင်း ဆောင်များကဲ့သို့ပင် ဗမာလူမျိုးကြီးဝါဒီဖြစ်ပြီး ပြည်ထောင်စုစစ် စစ် ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတန်းတူရေးကို သဘောတူနိုင်သူတစ်ဦး မဟုတ်ချေ။ အခြား ဗမာခေါင်းဆောင်များထက် သာလွန်၍ စစ်တပ်ကို လက်ကိုင်ရထားသော စစ်ဝါဒီတစ်ဦးလည်း ဖြစ်သည်။ အကြွင်းမဲ့အာဏာကို ရလိုသူတစ် ဦးလည်းဖြစ်သည်။ သို့ဖြစ်ရ ကား ဗိုလ်နေဝင်းသည် တိုင်းရင်းသားလူမျိုး စုများကို ချုပ်ကိုင်အုပ်စိုးနိုင်ပြီး ဗမာကိုလိုနီ ဆက်ပြုနိုင်ရန်အတွက် ပါလီမန်စနစ် မဟုတ်သော နည်းလမ်းကို ရွေးချယ်ခဲ့လေသည်။

ယင်းသည်ပင် လွတ်လပ်ရေးရပြီးသည်မှ အိမ်စောင့်အစိုးရကာလကိုပါ ထည့်တွက်လျှင် (၁၄) နှစ်တိုင်တိုင် တည်မြဲခဲ့သော ပါလီမန်ဒီမိုကရေစီခေတ်ကြီးဆိုသည်အား သေနတ်ဖြင့် အဆုံးသတ်စီရင်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနှင့် တစ်ပါတီအာဏာရှင် တစ်ပြည်ထောင်ခေတ်ဆိုးသို့ ရောက်ရှိခဲ့စေကာ တိုင်းပြည်ကို ဆင်းရဲနိမ့်ကျမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ချောက်နက်ထဲသို့ ကျဆင်းနစ်မြုတ်စေခဲ့သည်။ နောင်တွင် ဆက်လက်ဖြစ်ပေါ် ကြဦးမည့် စစ်အာဏာသိမ်းမှုများအတွက်လည်း ပထမလမ်းစကို ပြခဲ့သည်ဟု ဆိုရပေမည်။
၁၉၄၇ အခြေခံဥပဒေတွင် ဖက်ဒရယ်မူစစ်စစ်ကို ပြည်နယ်များစုံလင်စွာနှင့် ဖွဲ့စည်းပြီး စစ်တပ်ကို ပါလီမန်နှင့် အရပ်သားဒီမိုကရေစီအစိုးရအောက်တွင် ထားနိုင်ခဲ့လျှင် လူမျိုးစုအားလုံး၏ ပြည်ထောင်စုနိုင်ငံတော်ဖြစ်လာပြီး ရှည်ကြာလှသော ပြည်တွင်းစစ်၊ အချင်းချင်းမယုံကြည်မှု၊ ဆင်းရဲမွဲတေမှုနှင့် စစ်အာဏာရှင် များလက်တွင်းသို့ကျရောက်ခဲ့စရာအကြောင်းမရှိဟု ယူဆနိုင်သည်။ စင်စစ်၌ ဒီမိုကရေစီ၏ အဓိကအခြေခံဖြစ်သော တန်းတူမှု၊ လူနည်းစုအခွင့်အရေးနှင့် ဌာနေလူမျိုးစုတို့၏ သဘောထားများကို လျစ်လျူရှုကာ၊ ဒီမိုကရေစီ၏ အားနည်းချက်ဖြစ်သော အများညီလျှင် ဤ ကို ကျွဲ ဟုဖတ်ကြပြီးလျှင် အရေအတွက်နှင့် ပမာဏ အားသာချက်ကို လွန်ကဲစွာအသုံးချခဲ့သည့်အတွက် စစ်မှန်မှုမရှိသည့် ဒီမိုကရေစီခေတ်မှာ ချုပ်ငြိမ်းခဲ့ရခြင်း ဖြစ်သည်။