နေထက်မိုးဇော် ရေးသည်
ကျွန်တော် အိမ်ပြန်တော့မည်။ ကျွန်တော့်အိမ်ကလေးကိုလည်း လွမ်းလှပြီ။ ခုချိန်ဆို ကျွန်တော် ကြိုက်တဲ့ ဝါးပိုးမျှစ်တွေလည်း လှိုင်လှိုင်ပေါနေရော့မည်။ ငါးရင်းခုံးခေါင်းတွေကို ကိုယ့်ရိုးရာအတိုင်း သောက်ဆမ်းချက်ပြီး တဝကြီးစားပစ်လိုက်ဦးမည်။ ခရိုနီတော့မရှိတော့တဲ့ ငပလီသောင်ပြင်မှာ သားအဖတွေ ဘောလုံးကန်ကြမည်။ စစ်ကောင်စီတွေ ယတြာလာလုပ်လို့မရတော့တဲ့ ကျောက်တော်က မဟာမုနိဘုရားကိုလည်း တစ်ခေါက်မက ဖူးချင်သေးသည်။ ရခိုင်အလံတွေလွှင့်ထူထားတဲ့ မြောက်ဦးက နန်းရာကုန်းထက်မှာ လွတ်လပ်တဲ့လေကို ကြက်သီးတွေထလာအောင် ရှူပစ်လိုက်ဦးမည်။ ကျွန်တော် အိမ်ပြန်ပါတော့မည်။
တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ မြေကိုချစ်တဲ့ အမျိုးတွေဖြစ်သည်။ ဆရာဖေမြင့်ရဲ့ မြို့ချစ်စိတ် ဝတ္ထုထဲကလို ကိုယ့်ရခိုင်က ခါချဉ်ကောင်ကမှ ပိုသားနားသည်ဟု ထင်တတ်ကြသူတွေဖြစ်သည်။ ရခိုင်ပြည်ရဲ့ပြင်ပကို ရောက်နေသည့်တိုင် ရခိုင်ထွက် အစားအစာတွေကို တကူးတက မှာစားနေတတ်ကြ သူတွေဖြစ်သည်။ဘယ်နေရာရောက်ရောက် ရခိုင်ဆိုင်လိုက်ရှာပြီး စားနေတတ်ကြသူတွေ ဖြစ်သည်။

ကျွန်တော်တို့သည် မတရားဖမ်းဆီးခံရမှာ ကြောက်လို့၊ အသတ်ခံရမှာကြောက်လို့၊ တိုက်ပွဲကြားညပ်မှာစိုးလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်ပြင်ပသို့ ထွက်လာခဲ့ရသည်။ သို့သော် ကျွန်တော်တို့သည် ရခိုင်မြေကို စွန့်ခွာလာခဲ့ခြင်းကား မဟုတ်။ တိုက်ပွဲရှောင်လာခဲ့ကြခြင်းသာ ဖြစ်သည်။ အိမ်မရှိတော့လျှင် နေပါစေ။ ကျွန်တော်တို့တွင် မြေရှိသေးသည်။ ချောင်းမြောင်းတောတောင်နှင့် ပင်လယ် ပြင်ကြီးရှိသေးသည်။ ဂုဏ်သိက္ခာရှိသော သမိုင်းရှိသည်။ ခရီးရှေ့ဆက်ကြမည့် မျိုးဆက်သစ်တွေရှိသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏လူ့အဖွဲ့အစည်းကို ကျွန်တော်တို့ကိုယ်တိုင် ပြန်လည်ထူထောင်ကြရ ပေဦးမည်။
နှစ်ပေါင်း (၂၄၀) တိုင်ခဲ့ပြီ။ ကျွန်တော်တို့သည် ဗမာလူမျိုးကြီးဝါဒ၏ နိမ့်ကျသော ဖိနှိပ်မှုအောက်တွင် ခေါင်းငုံ့၍၊ ခါးကုန်း၍ အောက်ကျစွာနေထိုင်ခဲ့ရသည်။ ယခု ရခိုင်မြေအများစုသည် ရခိုင်တို့လက်ထဲ ပြန်ရောက်ခဲ့ပြီ။ ငယ်စဉ်ကလေးဘဝက ပါပါ၏ရင်ခွင်ထဲမှာနေရင်း ရှေးဟောင်းရခိုင်သမိုင်းအကြောင်း နားထောင်ခဲ့ရစဉ်ကတည်းက လွတ်လပ်သောရခိုင်ပြည်ကို လိုချင်မိခဲ့သည်။ ယခုလို ရခိုင်မြေကို ရခိုင်တို့ လက်ထဲ ပြန်ရောက်ချိန်ကျမှ ရခိုင်ပြည်ပြင်ပတွင် ကျွန်တော် မနေနိုင်။ ကျွန်တော် ရခိုင်ပြန်ပါတော့မည်။
ရခိုင်မြေသည် ကျွန်တော်တို့မြေဖြစ်သည်။ ရခိုင်ရေသည် ကျွန်တော်တို့ရေဖြစ်သည်။ ရခိုင်မြေပေါ် တွင် ကျွန်တော်တို့သည် လွတ်လပ်သော ရခိုင်ပြည်သားများဖြစ်သည်။ ညသန်းခေါင်ယံ တံခါးလာခေါက်မည် ကို စိုးရိမ်စရာမလိုဘဲ နှစ်ခြိုက်စွာအိပ်နိုင်မည်။ ရခိုင်ပြည်ပြင်ပတွင် ကျွန်တော်တို့ အသက်ရှူမဝကြပေ။ အလိုတူလျှင်တစ်မျိုး။ မတူလျှင်တစ်မျိုး။ သူများအိမ်တွင် ကပ်နေရသူဖြစ်၍ သူများအရိပ်အကဲ ကြည့်၍နေကြရသည်။ လက်ရှိတွင် လက်ဖက်ရည်ဆိုင်ထိုင်လျှင်ပင် ရခိုင်စကားဖြင့် စိတ်ရောကိုယ်ပါ ပြောနေ၍မရ။

အိမ်တွင်ထိုင်နေ၍လည်း စိတ်ချလက်ချနေ၍ မရ။ ကိုယ့်အိုးကိုယ့်အိမ်လည်း မဟုတ်။ အလုပ်အကိုင်လည်း ရှားပါး။ ကုန်ဈေးနှုန်းကလည်း ကြီးမြင့်ရသည့်အထဲ ပျူတွေကတစ်မျိုး။ ဒလန်တွေက တစ်ဖုံ။ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိဖြင့် နေကြရသည်။ တစ်ချို့ကပြောကြမည်။ ရခိုင်မှာ စီးပွားရေး ဘာရှိသေးလို့လဲ။ စင်စစ်၌ စီးပွားရေးမရှိတော့၍ ကျွန်တော်တို့ပြန််ကြရမည်ဖြစ်သည်။ ရှေ့တွင်ပြောခဲ့သလို ကျွန်တော်တို့တွင် မြေရသည်။ ရေရှိသည်။ ပင်လယ်ရှိသည်။

ကျွန်တော်တို့တွင် တောတောင်ရှိသည်။ ကျွန်တော်တို့ စိုက်ပျိုးရေးလုပ်ကြမည်။ မွေးမြူရေးလုပ်ကြမည်။ ငါးဖမ်းကြမည်။ ဒီအကွက် ဗုံးကြဲလျှင် ဟိုအကွက်ရွှေ့ လုပ်ကြမည်။ ရေခံ၊မြေခံ မကောင်းသော အစ္စရေး သည်ပင်လျှင် အာရပ်တို့၏အန္တရာယ်ကြားမှ တိုးတက်ဖြစ်ထွန်းအောင်လုပ်နိုင်သေးသည် မဟုတ်ပါလား။ ရေခံ၊မြေခံကောင်းသော ကျွန်တော်တို့တွေသည် ကျွန်တော်တို့၏ စီးပွားရေးကို အဘယ်ကြောင့် မထူထောင် နိုင်ရမည်နည်း။

ကလေးတွေပညာရေးအတွက်ကြောင့် ရခိုင်ကိုပြန်၍မဖြစ်နိုင်သေးဟု ဆိုသူကဆိုကြဦးမည်။ ရခိုင်မှာ ပညာရေးမှ မရှိတော့တာဟု ညည်းသူကညည်းကြဦးမည်။ ရှိခဲ့သောပညာရေးမှာလည်း နိုင်ငံတကာအဆင့်မီ သော ပညာရေးကားမဟုတ်။ အစမ်းသပ်ခံ ကျွန်ပညာရေးစနစ်သာ ဖြစ်သည်။ ဗီယက်နမ် တော်လှန်ရေး ကာလတုန်းက ဆိုရိုးစကားတစ်ခု ရှိခဲ့သည်။ သင်တတ်သည့်စာတစ်လုံးကို သင့်အိမ်နီးချင်းကို သင်ပေးပါ ဟူ၍ဖြစ်သည်။

အမေရိကန်သမ္မတကြီး အေဘရာဟမ် လင်ကင်းသည် သစ်လုံးအိမ်လေးထဲမှာ စာရေးစာဖတ် ကျင့်ခဲ့ရပြီး ရှေ့နေဖြစ်လာခဲ့သူ ဖြစ်သည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ မျိုးဆက်သစ်များအတွက် ခေတ်မီ တိုးတက်သောပညာရေးကို ကျွန်တော်တို့ကိုယ်တိုင် ပြန်လည်ထူထောင်ရပါဦးမည်။

ကျန်းမာရေးတွင်လည်း ဗမာအစိုးရအဆက်ဆက် ရခိုင်တွင် မည်သည့်အထူးကုဆေးရုံမျိုးကိုမျှ တည်ဆောက်ပေးခဲ့သည်ကားမဟုတ်။ ရန်ကုန်သို့ပြေးရမြဲပင်ဖြစ်သည်။ အဆိုးဆုံးအခြေအနေများနှင့် နေသားကျခဲ့ပြီးသော ကျွန်တော်တို့အတွက် ရခိုင်ပြည်ရှိ ဗမာ့ကျန်းမာရေးစနစ်ကို ဆုံးရှုံးရခြင်းမှာ လွမ်း လောက်စရာကား မရှိလှပေ။
ကျွန်တော်တို့သည် ကျွန်တော်တို့၏ရခိုင်ပြည်ကို မိမိတို့စွမ်းပကားဖြင့် ပြန်လည်တည်ဆောက်ကြရပါမည်။ ပြင်သစ်တော်လှန်ရေးကြီး (၁၇၈၉-၁၇၉၉) ကို ဆင်နွှဲ၍ ပြင်သစ်သမ္မတနိုင်ငံဖြစ်ထွန်းလာအောင် ကြိုးစားအားထုတ်ခဲ့ကြသည်မှာလည်း ပြင်သစ်ပြည်သားတို့သာလျှင်ဖြစ်သည်။ အမေရိကန်တော်လှန်ရေး ကြီး (၁၇၆၃-၁၇၈၃) မှတစ်ဆင့် လွတ်လပ်သောဖက်ဒရယ်ပြည်သစ် ပေါ်ပေါက်လာအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကောင်းသည်ထက်ကောင်းအောင် အဆက်ဆက်ပြုပြင်တည်ဆောက်ခဲ့ကြသည်မှာလည်း အမေရိကန်ပြည်သားတို့သာလျှင်ဖြစ်သည်။ ၁၉၃၄ ခုနှစ် ခရီးရှည်ချီတက်ပွဲမှသည် အယူအဆ၊ အတွေး အခေါ်ပိုင်းဆိုင်ရာများကို ခေတ်နှင့်ဆီလျော်အောင် ပြုပြင်တိုးတက်စေခဲ့ပြီး တရုတ်ပြည်ကို အင်အား ကြီးနိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့ကြသည်မှာလည်း တရုတ်ပြည်သားတို့သာလျှင်ဖြစ်ကြပေသည်။

ရန်သူပတ်လည်ဝိုင်းနေသော အစ္စရေးပြည်သည်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သော ဂျာမဏီနှင့် ဂျပန်တို့သည်လည်းကောင်း တိုးတက်ဖွံ့ဖြိုးသော ယခုအခြေအနေသို့ ရောက်ရှိရန် ပထမ မျိုးဆက်၊ ဒုတိယမျိုးဆက်များသည် အပင်ပန်း အဆင်းရဲခံ၊ အနစ်နာခံကာ ရုန်းကန်ခဲ့ရပြီး ပြန်လည် ရုန်းကြွနိုင်ခဲ့ကြသည်။ ယခု ကျွန်တော်တို့သည် အပင်ပန်းခံ၊ အဆင်းရဲခံရမည့် မျိုးဆက်အဖြစ် ပေးဆပ်ရမည် ကို ကြောက်ရွံ့၊ နောက်တွန့်၍ ကျွန်တော်တို့၏သားသမီးများကို ရခိုင်ပြည်ပြင်ပ၌ မှီခိုကပ်ရပ်ကာ ကြီးပြင်းစေ ခဲ့လျှင် ကျွန်တော်တို့သမိုင်းပေးတာဝန်ကို ကျေပွန်နိုင်ပါမည်လား။ ကျွန်တော်တို့၏ သားသမီးများသည် လွတ်လပ်သော ရခိုင်ပြည်သားအဖြစ် ခေါင်းမော်နိုင်ခွင့်ရှိပါဦးမည်လား။
ရခိုင်ကိုပြန်ဖို့ အေအေက ဘာအစီအစဉ်တွေ လုပ်ပေးမလဲဟု တစ်ချို့က မေးကြပေဦးမည်။ ရခိုင် ပြည်ပြင်ပသို့ ထွက်လာခဲ့စဉ်ကလည်း မည်သူကမျှ စီစဉ်ပေးခဲ့ခြင်းကား မဟုတ်ပေ။ အိတ်ဇိုးဒပ် ဝတ္ထုထဲက ၁၆ နှစ်သား ဂျိုစီနှင့် ၁၄ နှစ်သား ယာကွတ်တို့သည် ရုရှားပြည်မှ ပါလက်စတိုင်းသို့ရောက်ရန် လပေါင်း (၄၀)ကြာအောင် ခြေကျင်လျှောက်လာခဲ့ကြသည်။ နိုင်ငံမရှိ၍ အနှိမ်ခံရ၊ အနိုင်ကျင့်ခံရလွန်းသဖြင့် ပါလက် စတိုင်းမြေသို့ အရောက်လာခဲ့ကြခြင်းဖြစ်သည်။
ကျွန်တော်တို့တွင်ကား ကျွန်တော်တို့ပိုင်မြေရှိသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏မြေကို ပြန်လည်ရရှိရန် မျိုးဆက်သစ်လူငယ်ပေါင်းများစွာ၏သွေးဖြင့် ရင်းခဲ့ရသည်။ ရင်းနေရဆဲဖြစ်သည်။ ယင်းကဲ့ သို့ သွေးဖြင့်ရင်း၍ ပြန်လည်ရရှိလာသော အဖမြေကို ကာကွယ်ရန်၊ ပြန်လည်ထူထောင်ရန်အတွက် ကျွန်တော်တို့ နောက်တွန့်နေကြဦးမည်လား။ ကြောက်ရွံ့ နေကြဦးမည်လား။

ရခိုင်ပြည်၏ လူသားအရင်းအမြစ်၊ စီးပွားရေးအရင်းအမြစ်နှင့် အနာဂတ်မျိုုးဆက်သစ်အရင်းအမြစ် တို့ကို ရခိုင်ပြည်ပြင်ပ၌ ကျွန်တော်မထားခဲ့နိုင်ပေ။ သွေးဖြင့်ရင်းသူများက ရင်းခဲ့ကြပြီ။ ချွေးဖြင့်ရင်း၍ အပင် ပန်း အဆင်းရဲခံကာ ရခိုင်ပြည်ကို ပြန်လည်ထူထောင်မည့် ပထမမျိုးဆက်အဖြစ် ကျွန်တော့်ကိုကျွန်တော် စာရင်းသွင်းလိုက်ပါပြီ။ လွတ်လပ်သော ရခိုင်မြေပေါ်၌ ရခိုင်အလံတော်အား အလေးပြုရန် ကျွန်တော် ရင်ခုန်စွာဖြင့် စိတ်ဓာတ်တက်ကြွနေပါပြီ။
ကျွန်တော် အိမ် ပြန် ပါ တော့ မည်။
ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင်များကို ကျေးဇူးတင်ပါသည်။
July 28, 2024