နေထက်မိုးဇော် ရေးသည်
ဗမာနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်တို့သည် မြန်မာပြည်အား ဗမာများက စိတ်တိုင်းကျ ကြိုးကိုင် ချယ်လှယ်အုပ်ချုပ်နိုင်ရန်အတွက် အမည်နာမအားဖြင့် လူကြားကောင်းသည့် တံဆိပ်အမျိုးမျိုးကပ်ခဲ့ကြသော် လည်း အနှစ်သာရအားဖြင့် တစ်ပြည်ထောင်အုပ်ချုပ်ရေးကို ထူထောင်ခဲ့ကြသည်။
၎င်းတစ်ပြည်ထောင်အုပ်ချုပ်ရေးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ကြိမ် ရေးဆွဲခဲ့ကြသည်။ သို့ ရာတွင် ၎င်းအုပ်ချုပ်ရေးများသည် အောင်မြင်ခြင်းမရှိဘဲ ကျရှုံးခဲ့ကြရပြီးဖြစ်သည်။ သို့ဖြစ်၍ ဤလေ့လာဆန်း စစ်မှုတွင် တစ်ပြည်ထောင်ဖွဲ့စည်းမှုနှင့် တစ်ပြည်ထောင်အုပ်ချုပ်ရေးသည် မြန်မာပြည်တွင် အဘယ်ကြောင့် မအောင်မြင်ခဲ့ရသည်များကို သုံးသပ်ထားပြီး ယင်းတို့သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ကြရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေ အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည်။
မြန်မာပြည်တွင် ရေးဆွဲပြဌာန်းခဲ့ပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ခုအား အောက်ပါအတိုင်း အပိုင်း (၃) ပိုင်းခွဲ၍ သုံးသပ်စိတ်ဖြာသွားမည်ဖြစ်သည်။
(၁) ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
(၂) ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၃) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
.
(၃) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏အာဏာကို ဗမာစစ်တပ်က လက်တစ်ဖက်နှိုက်ထား သော ဖွဲ့စည်းပုံဖြစ်သည်။ ကျန်တစ်ဖက်တွင်လည်း ဗမာနိုင်ငံရေးပါတီများကသာ အစိုးရဖွဲ့နိုင်သော၊ ပြည် ထောင်စုဘတ်ဂျက်ကိုလည်း ဗမာများကသာ ကိုင်တွယ်စီမံနိုင်သော၊ ပြည်နယ်များ၏ သယံဇာတလုပ်ပိုင်ခွင့်နှင့် အခွန်အကောက်များကိုလည်း ဗမာဗဟိုအစိုးရကသာ ဆုပ်ကိုင်ထားသော၊ ပြည်နယ်များ၏ အုပ်ချုပ်ရေးကိုလည်း ဗမာဗဟိုအစိုးရကသာ ချုပ်ကိုင်စီမံနိုင်သော ဖွဲ့စည်းပုံဖြစ်သည်။
မြန်မာပြည်တွင်း၌ ဌာနေတိုင်းရင်းသားများ၏ တန်းတူခွင့်၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်တို့ကို တန်ဖိုးထား တောင်းဆိုမှု မြင့်တက်လာသော ယနေ့ခေတ်အချိန်အခါ၌ ၂၀ဝ၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီတန်ဖိုးနှင့် ဖက်ဒရယ်အနှစ်သာရတို့ ပျောက်ဆုံးလျက်ရှိကြောင်းကို ပို၍ သတိပြုမိကြ ဖွယ်ရှိသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပေါ်ယံ၌ ပြည်ထောင်စုဟု ပျားရည်ဆမ်းထားသည်များကို လှန်ခွာကြည့်လျှင် ဗမာများက ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေး၊ စီးပွားရေး၊ သယံဇာတနှင့် အခွန်အကောက် စသည်များကို ဆက်လက်ချုပ်ကိုင်နိုင်ရန် အောက်ပါအတိုင်း စနစ်တကျတည် ဆောက်ထားသည်ကို တွေ့မြင်နိုင်သည်။
အဆင့် (၁) – ပြည်ထောင်စုအမည်ခံ ဗမာနိုင်ငံတော်ကို တစ်ပြည်ထောင်စနစ်ဖြင့် တည်ထောင်ခြင်း
အဆင့် (၂) – ဗမာနိုင်ငံတော်၏ ဥပဒေပြုလွှတ်တော်များကို ဗမာနိုင်ငံရေးပါတီများကာသာ ကြီးစိုးနိုင်ရန် ပြင်ဆင်ထားခြင်း
အဆင့် (၃) – ဗမာနိုင်ငံရေးပါတီများ သို့မဟုတ် ဗမာစစ်တပ်ကသာလျှင် ဗဟိုအစိုးရဖွဲ့စည်းနိုင်ပြီး တိုင်းရင်းသားပြည်နယ်များကို ချုပ်ကိုင်ထားနိုင်ခြင်း
အဆင့် (၄) – တိုင်းပြည်၏ဘဏ္ဍာရေးအရင်းအမြစ်အားလုံးနှင့် ဘတ်ဂျက်ခွဲဝေမှုများကို ဗဟိုအစိုးးရကသာ အပိုင်စီးထားခြင်း
(က) အဆင့် (၁) – ပြည်ထောင်စုအမည်ခံ ဗမာနိုင်ငံတော်ကို တစ်ပြည်ထောင်စနစ်ဖြင့် တည်ထောင်ခြင်း
၂၀ဝ၈ ဖွဲ့စည်းပုံတွင် မြန်မာနိုင်ငံအား ပြည်ထောင်စုနိုင်ငံဟု ခေါ်ဆိုထားသော်လည်း စင်စစ်၌ တိုင်းရင်းသားအားလုံး၏ ပြည်ထောင်စုနိုင်ငံတော်မဟုတ်ဘဲ ဗမာတစ်ပြည်ထောင်နိုင်ငံတော်သာဖြစ်သည်။ ဗမာနိုင်ငံရေးသမားများနှင့် ဗမာအုပ်ချုပ်သူများသည် အင်္ဂလိပ်များက ဗမာပြည်မဟုသတ်မှတ်ကာ အုပ်ချုပ်ခဲ့သည့်ဒေသများ၊ တောင်တန်းဒေသများနှင့် ကရင်နီနယ်များပါမကျန် ဗမာနိုင်ငံတော်အတွင်းတွင် ပါဝင်ရန်၊ ဗမာများအုပ်ချုပ်မှုအောက်တွင် ဗမာများ စီမံခန့်ခွဲသည့်အတိုင်းနေကြရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသည်ကို ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။
၂၀ဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အမှာတွင် ” မြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်ပေသည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်း နေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်ထူထောင်ကာ ထည်ဝါစွာရပ်တည်ခဲ့ကြပေသည် “ ဟု မှားယွင်းသော သမိုင်းဆိုင်ရာ အချက်အလက်ကြီးအား အတည်ပေါက် သုံးစွဲထားခြင်းသည် ဗမာနိုင်ငံတော်တည်ထောင်ခြင်း၏ ပထမအဖွင့် ခြေလှမ်းပင်ဖြစ်သည်။
ယင်းသည် အင်္ဂလိပ်မသိမ်းမီကပင် လက်ရှိမြန်မာနိုင်ငံ၏ နယ်နိမိတ်သည် နိုင်ငံတစ်ခုအဖြစ်ရှိခဲ့ကြောင်း၊ ယင်းနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ တစ်မျိုးမကရှိကြောင်း၊ ယင်းတို့မှာ စည်းလုံးညီညွတ်ကြကြောင်း၊ ယင်းနိုင်ငံတော်သည် ဗမာနိုင်ငံတော်ပင်ဖြစ်ကြောင်း ဆိုလိုရာရောက်စေသည်။
ယင်းဆိုလိုချက်ကို သေချာစေရန် ” အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်ထူထောင်ကာ ထည်ဝါစွာ ရပ်တည်ခဲ့ကြ “ ဟု ဝါကျကို အဆုံးသတ်လိုက်ရာ လက်ရှိ မြန်မာနိုင်ငံနယ်နိမိတ်ကို တစ်ဦးဦးက သို့မဟုတ် တစ်ဖွဲ့ဖွဲ့က သို့မဟုတ် လူမျိုးတစ်မျိုးမျိုးက လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ထူထောင်ခဲ့သည်ဟု အတိအလင်း ကမ္ဗည်းရေးထိုးလိုက်ရာ ရောက်စေသည်။ သို့ဖြစ်ရာ အင်္ဂလိပ်မသိမ်းမီသမိုင်းတစ်လျှောက်တွင် မည်သည့်လူမျိုး၊ မည်သည့်ဘုရင်က လက်ရှိနိုင်ငံတော် အနေအထားမျိုးကို ထူထောင်ခဲ့ကြသနည်းဟု သမိုင်းအကိုးအကားကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
အင်္ဂလိပ်ကိုလိုနီမဖြစ်ခင်က လက်ရှိမြန်မာနိုင်ငံဟု သတ်မှတ်ထားသည့် နယ်မြေအဝိုင်းအဝန်းထဲတွင် ဌာနေတိုင်းရင်းသားများသည် ၄င်းတို့ပိုင် နယ်မြေများတွင် အချုပ်အခြာအာဏာပိုင် သီးခြားနိုင်ငံများထူထောင်ကာ ကိုယ်ပိုင်ရိုးရာ၊ ဓလေ့ထုံးတမ်းများဖြင့် အုပ်ချုပ်နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။ ဗမာပြည်မဟု ယခုတွင်ကျယ်နေသည့် ဗမာလူမျိုးအများစုနေထိုင်ကြသည့် နယ်မြေတွင်ပင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်စသည်ဖြင့် တိုင်းနိုင်ငံများ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့ကြသကဲ့သို့ မွန်တို့ကလည်း ဟံသာဝတီ နိုင်ငံတော်ကို အခိုင်အမာတည်ထောင်ခဲ့ကြသည်။ ရခိုင်တို့သည်လည်း ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးဟု တိုင်းနိုင်ငံများတည်ထောင်ခဲ့ကြရာ မဟာဗမာနိုင်ငံတော်ကြီး အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကတည်း ကရှိခဲ့သည်ဟု ကမ္ဗည်းရေးထိုးချင်နေသည့် ဗမာများထက် နှစ်ပေါင်းထောင်ချီစော၍ ကိုယ်ပိုင်အချုပ်အခြာကို ထူထောင်ခဲ့သူများဖြစ်သည်။ အိမ်နီးချင်းများဖြစ်ကြသော ယင်းနိုင်ငံအသီးသီးမှာလည်း လက်နက်နိုင်ငံများ ဖြစ်သည့်အားလျော်စွာ အချင်းချင်းတိုက်ခိုက်နေခဲ့ကြသည်မှာ သမိုင်းတွင်အထင်အရှားရှိပြီး ဖြစ်သည်။ ဥပမာ – အနှစ် (၄၀) ကြာမြင့်သော မွန် – ဗမာ စစ်ပွဲကြီးမှာ အခိုင်အမာသက်သေထူပြီးဖြစ်သည်။
ကရင်နီပြည်ဆိုလျှင် မည်သည့်အင်္ဂလိပ်မင်း၊ မည်သည့်ဗမာမင်းကမှ လက်အောက်ခံနိုင်ငံအဖြစ် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်မဟုတ်ပေ။ သီးခြားလွတ်လပ်သောပြည်ဖြစ်ကြောင်းကိုလည်း ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အင်္ဂလိပ်နှင့်ဗမာတို့က လက်မှတ်ရေးထိုး အသိအမှတ်ပြုခဲ့ကြပြီးဖြစ်သည်။
သို့ပါလျက်နှင့် ” ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည်စည်းလုံးညီညွတ်စွာ တစ်သားတည်း နေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ ထည်ဝါစွာ ရပ်တည်ခဲ့ ကြပေသည် ” ဟု ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သုံးစွဲလိုက်ခြင်းမှာ လက်ရှိမြန်မာနိုင်ငံနယ်နိမိတ်သည် အင်္ဂလိပ်ကိုလိုနီ မဖြစ်ခင်ကတည်းက စုစည်းပြီးသားနိုင်ငံတစ်ခု၏ နယ်နိမိတ်ဖြစ်ကြောင်း (ယင်းမှာ ဗမာ့ ပိုင်နက်ဟု ဆိုလိုချင်ဟန်ရှိသည်)၊ ယင်းစုစည်းထားသောနိုင်ငံကို လူမျိုးတစ်မျိုးမျိုး သို့မဟုတ် တစ်ဖွဲ့ဖွဲ့ သို့မဟုတ် တစ်ဦးဦးက အုပ်ချုပ်နေခဲ့ကြောင်း (ယင်းနယ်နိမိတ် အကျယ်အဝန်းထဲရှိ လူမျိုးစုအားလုံးကို ဗမာ များက ဦးဆောင်အုပ်ချုပ်နေခဲ့ကြသည်ဟု ဆိုလိုချင်ဟန်ရှိသည်) ယင်းစုစည်းပြီးသားနိုင်ငံတော်တွင် တိုင်းရင်း သားလူမျိုးစုများ စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်ခဲ့ကြသည်ဟု ဗမာနိုင်ငံတော်ကို အသက်သွင်း

လိုက်ခြင်းပင်ဖြစ်သည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အမှာတွင်ပင် ဆက်လက်၍ ” ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှု ကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာ လုံးဝလက်လွတ် ဆုံးရှုံးခဲ့ရပေသည် “ ဟု ဗမာနိုင်ငံတော် ဖြစ်တည်မှုကို ဆက်လက်၍ ကွန်ကရစ်လောင်းပြန်လေသည်။ လက်ရှိနယ်နိမိတ်အတိုင်း နိုင်ငံတော်ကြီးရှိခဲ့ကြောင်း (ယင်းမှာ ဗမာနိုင်ငံတော်ဖြစ်သည်ဟု ပုံမှားရိုက်လိုဟန်ရှိသည်)၊ အင်္ဂလိပ်နယ်ချဲ့များကြောင့် ယင်းနိုင်ငံတော်အာဏာများကို လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း မှားယွင်းသော အချက်အလက်များကို ရိုက်သွင်း ခြင်းပင်ဖြစ်သည်။ အကယ်စင်စစ်၌ ၁၈၈၅ တွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်ခြင်း၊ မန္တလေး နေပြည်တော်ကျဆုံးပြီး ဗမာပြည်သည် အင်္ဂလိပ်ကိုလိုနီဖြစ်ရခြင်းသာလျှင်ဖြစ်ပြီး ယင်းသို့ မန္တလေးနေပြည်တော် ကိုလိုနီအဖြစ်ကျဆုံးရသည်နှင့် ကချင်ပြည်၊ ရှမ်းပြည်၊ ကရင်နီ၊ ချင်း၊ နာဂ စသည်တို့ပါ တစ်ပါတည်း အင်္ဂလိပ်ကိုလိုနီ ဖြစ်ကြရသည် ကားမဟုတ်ပေ။ သို့ဖြစ်သောကြောင့် အမှန်တကယ်မရှိခဲ့သော နိုင်ငံတစ်ခု (ယင်းမှာ ဗမာနိုင်ငံတော်ကြီး ဖြစ်သယောင်) ကို အတင်းအဓမ္မ ဂုဏ်သိက္ခာကင်းမဲ့စွာ ပုံဖော်နေရခြင်းမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲရာတွင် ဗမာများက ဗမာမဟုတ်သောလူမျိုးစုများအား ချုပ်ကိုင်အုပ်စိုးနိုင်ရန်မှလွဲ၍ အခြား အကြောင်း မရှိနိုင်ပေ။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃) တွင် ” နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည် ” ဟု ဆိုထားသည်ဖြစ်ရာ ယင်းမှာ နိုင်ငံတော်သည် ဗမာနိုင်ငံတော် ဖြစ်သည်။ နိုင်ငံတည်ထောင်သူနှင့် အုပ်ချုပ်သူများမှာ ဗမာများဖြစ်သည်။ ယင်းနိုင်ငံတွင် ဗမာများအုပ်ချုပ်မှု အောက်၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည်ဟု အဓိပ္ပါယ်သက်ရောက်နေသည်။
ပြည်ထောင်စုနိုင်ငံတော် ဖွဲ့စည်းပုံဆိုပါလျှင် ” ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် သီးခြားလွတ်လပ်သော ပြည်နယ်များ အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ ပေါင်းစည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံဖြစ်သည် “ ဟု ပြဋ္ဌာန်းမှသာလျှင် ပြည်ထောင်စုစစ်စစ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုနိုင်ငံသည် လူမျိုးတစ်မျိုးက သို့မဟုတ် အစုအဖွဲ့တစ်ခုက တည်ထောင်ထားသော တစ်ပြည်ထောင်နိုင်ငံ မဟုတ်ချေ။ လူမျိုးကို ကိုယ်စားပြုသော သို့မဟုတ် ဒေသကို ကိုယ်စားပြုသော သီးခြား လွတ်လပ်သည့် ပြည်ထောင်များ ပေါင်းစည်းထားခြင်းသာဖြစ်သည်။ သို့ဖြစ်၍ မူလပေါင်းစည်းစဉ်ကပင် ခွဲထွက် လိုက ခွဲထွက်နိုင်ကြောင်း မူလသတ်မှတ်ချက် ပါဝင်ပြီးဖြစ်ရမည်။
သမိုင်းကြောင်းအရဖြစ်စေ၊ ဖွဲ့စည်းပုံအရဖြစ်စေ တစ်ပြည်ထောင်နိုင်ငံတစ်ခုတွင် ပါဝင်နေထိုင်ကြသည့် လူမျိုးတစ်မျိုးအနေဖြင့် သို့တည်းမဟုတ် ဒေသတစ်ခုအနေဖြင့် ခွဲထွက်ရန် ခဲယဉ်းမည်ဖြစ်သကဲ့သို့ ဥပဒေအရလည်း အလွယ်တကူခွင့်ပြုမည်မဟုတ်ချေ။ သို့ဖြစ်ရာ ပုဒ်မ (၁၀) ပါ ပြဋ္ဌာန်းချက်သည် တစ်ပြည်ထောင်၊ တစ်နိုင်ငံဖြစ်သော ဗမာနိုင်ငံတော်၏ မည်သည့်နယ်မြေအပိုင်းအခြားမှ ခွဲထွက်ခြင်းမပြုရဟု ဆိုလိုရာရောက်သည်။ တစ်နည်းအားဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံပါ မြန်မာနိုင်ငံသည် ဗမာတစ်ပြည်ထောင်နိုင်ငံတော်ဟု ဆိုလိုရာရောက်စေသည်။
ဗမာနိုင်ငံတော်အား အုပ်ချုပ်စီမံရလွယ်ကူအောင် နယ်မြေများ ပိုင်းခြားလိုက်သည်။ ယင်းတို့ကို ပြည်နယ်များ၊ တိုင်းဒေသကြီးများ၊ ပြည်ထောင်စုနယ်မြေများဟု အမည်ပေးသည် (ပုဒ်မ (၄၉)(၅၀))။ ယင်း ပြည်နယ်များ၊ တိုင်းဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်များ၊ မြို့နယ်များ၊ မြို့များ၊ ရပ်ကွက် များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများအဖြစ် အဆင့်ဆင့် ထပ်မံပိုင်းခြားလိုက်သည် (ပုဒ်မ ၅၁)။ သို့ရာတွင် ယင်းပြည်နယ်များ၊ တိုင်းဒေသများသည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည်မဟုတ်ဘဲ ဗမာနိုင်ငံတော်အတွင်း ဗမာ ဗဟိုအစိုးရ၏ အုပ်ချုပ်မှုတာဝန်များကို ခွဲဝေထမ်းဆောင်နိုင်ရန် အုပ်ချုပ်ရေးနယ်မြေ ပိုင်းခြားထားခြင်းမျှသာ ဖြစ်သည်။
ဗမာနိုင်ငံတော်သည် တစ်ပြည်ထောင်နိုင်ငံတော် ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည် ( ပုဒ်မ ၃၇ -က)။

ဗမာနိုင်ငံတော်သည် ၄င်းပိုင် သဘာဝသယံဇာတပစ္စည်းများကို ရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာများအားလုံးကို ဗမာနိုင်ငံတော်၏ ဗဟိုအစိုးရကသာ စီမံခန့်ခွဲမည်။ ယင်းမှရရှိသော ဘဏ္ဍာငွေများကိုလည်း ဗဟိုအစိုးရကသာ ရယူခွင့်ရှိသည်။ ယင်းသဘာဝသယံဇာများကို စီမံခြင်းနှင့်ပတ်သက်၍ စမ်းသပ်ရှာဖွေမှုများပြုလုပ်ခြင်း၊ ယင်းတို့နှင့်ဆက်စပ်၍ မြေယာများသိမ်းယူခြင်း စသည်များကို ဗဟိုအစိုးရက ၄င်း၏ သဘောကျအတိုင်း ပြုလုပ်နိုင်သည်။ သဘာဝသယံဇာတများကို မည်သည့်နေရာတွင် တွေ့ရှိသည်ဖြစ်စေ ယင်းဒေသသည် ဗမာနိုင်ငံတော်ပိုင်နက်သာလျှင်ဖြစ်ပြီး ယင်းဒေသ၌ နေထိုင်သူများမှာ ဗမာဗဟိုအစိုးရက နေထိုင်ခွင့်ပေးထားသော အုပ်ချုပ်ခံများသာဖြစ်သည် ( ပုဒ်မ ၃၇ (က) (ခ) )။
ဗမာနိုင်ငံတော်အတွင်း အုပ်ချုပ်ခံလူမျိုးများအဖြစ် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအပေါ်တွင် ဗမာလူမျိုးကြီးအုပ်ချုပ်သူများက ငဲ့ညှာသော၊ စာနာသော စေတနာများဖြင့် ၄င်းတိုင်းရင်းသားလူမျိုးစုများ ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန်သော်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ ဖွံ့ဖြိုးတိုးတက်စေရန် သော်လည်းကောင်း ကူညီ ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်သည် (ပုဒ်မ ၂၂ (က)(ခ)(ဂ))။
သို့ရာတွင် တိုင်းရင်းသားတို့၏ ဖော်ပြပါ ကိစ္စရပ်များကို မည်ကဲ့သို့ ဆောင်ရွက်သင့်သည်၊ မည်မျှဆောင်ရွက်သင့်သည်၊ မည်မျှတိုးတက်စေသင့်သည် စသည်များကို ဗမာဗဟိုအစိုးရကသာ ဆုံးဖြတ်မည်ဖြစ်သည်။ တိုင်းရင်းသားတို့၏ ကိစ္စရပ်များထဲမှ သင့်လျော်ရာအချို့အား အလိုလိုက်သည့်သဘောဖြင့် ကူညီဆောင်ရွက်ပေးသည့်တိုင် တစ်ပြည်လုံးသည် ဗမာနိုင်ငံတော်သာလျှင်ဖြစ်ပေရာ ဗမာတို့၏ အမျိုးသားယဉ်ကျေးမှု တစ်နည်းဆိုရလျှင် ဗမာစာပေ၊ ဗမာယဉ်ကျေးမှု၊ ဗမာ့ထုံးတမ်းဓလေ့၊ ဗမာအမည်နာမနှင့်တကွ ဗမာ့သမိုင်းတံတိုင်းကြီးအောက်တွင် ကျန်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အမျိုးသားလက္ခဏာ၊ သမိုင်း၊ ရိုးရာ ဓလေ့၊ ယဉ်ကျေးမှု၊ စကား၊ စာပေ နှင့် အမျိုးသားအမှတ်တရနေ့ရက်များ၊ စံပြုဂုဏ်တင်ရာပုဂ္ဂိုလ်များနှင့် သီးခြားသဘော ပုံဆောင်သောအရာများအားလုံးကို မြှုပ်နှံသင်္ဂြိုဟ်ကာ ဗမာမှုပြုပြီးသကာလ ဗမာ့အမျိုးသား ယဉ်ကျေးမှု အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးကို ဗမာဗဟိုအစိုးရသည် အဓိကထား၍ ဆောင်ရွက်ရမည် ဖြစ်သည် ( ပုဒ်မ ၂၇)။
ဖော်ပြပါတို့သည် အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် သမိုင်းခေတ်အဆက်ဆက် တစ်သီးတစ်ခြား ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ပြည်ထောင်ကိုယ့်သမိုင်း၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စကား၊ ကိုယ့်စာပေဖြင့် နေလာခဲ့ကြသော ဌာနေတိုင်းရင်းသား လူမျိုးစုများအား ပြည်ထောင်စုအမည်ခံလျက် တစ်ပြည်ထောင်စနစ် အောက်သို့ သွတ်သွင်းကာ ပထမအဆင့်အဖြစ် ဗမာနိုင်ငံတော်တည်ထောင်ခြင်းပေတည်း။
(ခ) အဆင့် (၂) – ဗမာနိုင်ငံတော်၏ ဥပဒေပြုလွှတ်တော်များကို ဗမာနိုင်ငံရေးပါတီများကသာ ကြီးစိုးနိုင်ရန် ပြင်ဆင်ထားခြင်း
ဗမာနိုင်ငံတော်၏ ပြည်ထောင်စုအဆင့် သို့မဟုတ် တစ်နိုင်ငံလုံးကို ချုပ်ကိုင်ခြယ်လှယ်မည့် ဗဟို အဆင့်လွှတ်တော်များကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူ၍ (၂) ရပ်ခွဲထားသည် ( ပုဒ်မ ၇၄ )။
အမျိုးသားလွှတ်တော်အား ကိုယ်စားလှယ် (၂၂၄) နေရာဖြင့် ဖွဲ့စည်းသည်ဆိုရာတွင် ဗမာစစ်တပ်မှ သုံးပုံတစ်ပုံ အရေအတွက်ဖြစ်သော (၅၆) နေရာကို ဖဲ့ယူသွားသည် (ပုဒ်မ ၁၄၁ (က)(ခ))။ စစ်တပ်သည် တိုင်းပြည်၏ ဥပဒေပြုရေးတွင် ယင်းသို့ပုံသေ ရပိုင်ခွင့်တစ်ခုကို ဖဲ့ယူသွားခြင်းမှာ ဒီမိုကရေစီ၏ အသည်းနှလုံးကို သုံးပုံတစ်ပုံ ဖဲ့ထုတ်လှီးဖြတ်သွားခြင်းပင်ဖြစ်သည်။ ဗမာစစ်တပ်သည် ဗမာတစ်ပြည်ထောင်စနစ် ဖွဲ့စည်း အုပ်ချုပ်ပုံကိုရေးဆွဲကာ ဗမာလူမျိုးကြီးဝါဒအားလက်ကိုင်ပြုလျက် ဗမာအကျိုးစီးပွားကို ကာကွယ်သည်ဖြစ်ရာ လွှတ်တော်တွင်း၌ တိုင်းရင်းသားများ၏ခေါင်းပေါ်သို့ ခြေတစ်ဖက် တက်နင်းလိုက်ခြင်းပင် ဖြစ်သည်။
ကျန်သောကိုယ်စားလှယ် (၁၆၈) နေရာတွင်လည်း ဗမာအများစုနေထိုင်သော သို့မဟုတ် ဗမာပြည်မ နေရာများဟု မူရင်းပိုင်ရှင်ဖြစ်လိုသော ဒေသများကို တိုင်းဒေသကြီး (၇) ခုအဖြစ် ပိုင်းခြားကာ (၈၄) နေရာအား ဖဲ့ထုတ်ယူထားပြန်သည် (ပုဒ်မ ၉(က)၊ ပုဒ်မ ၁၄၁ (က)(ခ))။ ဤသည်မှာလည်း တိုင်းရင်းသားများ၏ ခေါင်းပေါ်သို့ နောက်ထပ် ခြေတစ်ဖက်တက်နင်းခွင့်ကို ဗမာနိုင်ငံရေးပါတီများအား ပေးအပ်ထားခြင်းပင် ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကို ကိုယ်စားလှယ်စုစုပေါင်း (၄၄၀) နေရာဖြင့် ဖွဲ့စည်းသည့်အနက် ဗမာစစ်တပ်မှ လေးပုံတစ်ပုံဖြစ်သော (၁၁၀) နေရာကို ပုံသေယူထားသည်ဖြစ်ရာ ဒီမိုကရေစီ၏ အနှစ်သာရနှင့်ပြည့်စုံသော ပြည်သူ့လွှတ်တော်ဟု မဆိုနိုင်ပေ။ ထို့ပြင် ဗဟိုအစိုးရသည် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်၌ ဗမာကိုယ်စားလှယ်အရေအတွက် များပြားစေရန်နှင့် အမျိုးသားလွှတ်တော် (၁၉၄၇ အခြေခံဥပဒေတွင် လူမျိုးစုလွှတ်တော်) အား ထိန်းညှိရာတွင် သာလွန်မှုရှိရန်အတွက် ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၈၃ (၂) တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်အမတ်ဦးရေသည် လူမျိုးစုလွှတ်တော်အမတ်ဦးရေ၏ နှစ်ဆနီးနီး ဖြစ်နိုင်သမျှ ဖြစ်စေရမည်ဟူသော ပြဋ္ဌာန်းချက်ကို ယခု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း

ဆက်လက်လိုက်နာ ကျင့်သုံးထားကြောင်း တွေ့ရှိနိုင်သည်။
ပြည်သူ့ရွေးချယ်မှုဖြင့် ရွေးကောက်ခံရမည်ဖြစ်သော ကိုယ်စားလှယ် (၃၃၀) ဦးမှာ မြို့နယ် (၃၃၀) ကို အခြေခံထားသည် ဆိုပါစို့။ တိုင်းရင်းသားပြည်နယ်များ၏ မြို့နယ်စုစုပေါင်းမှာ (၁၂၃) မြို့နယ်ရှိပြီး၊ ဗမာနိုင်ငံ ရေးပါတီများ ပိုမိုအားကောင်းသော တိုင်းဒေသကြီး (၇) ခု၏ မြို့နယ်စုစုပေါင်းမှာ (၂၀၇) မြို့နယ်ရှိသည်။ သို့ဖြစ်ရာ ဗမာနိုင်ငံရေးပါတီများသည် ကိုယ်စားလှယ် (၃၃၀) နေရာ၏ (၆၂ . ၇၂) ရာခိုင်နှုန်းဖြစ်သော (၂၀၇) နေရာ၏ အများစုကို ရရှိနိုင်သည်။ တိုင်းရင်းသားပြည်နယ်များမှာကား ကိုယ်စားလှယ်(၃၃၀)နေရာ၏ (၃၇. ၂၇) ရာခိုင်နှုန်းဖြစ်သော (၁၂၃) နေရာတွင်ပင် ထက်ဝက်ကျော်ရရှိရန် မသေချာလှပေ။ တိုင်းဒေသကြီးများ ကိုယ်စားပြုကိုယ်စားလှယ် (၂၀၇) နေရာကို ဗမာနိုင်ငံရေးပါတီတစ်ခုတည်းက ရရှိမည်မဟုတ်သည့်တိုင် အများစုကို ဗမာနိုင်ငံရေးပါတီများကသာ ရရှိမည်ဖြစ်ရာ ဖက်ဒရယ်အရေး၊ ပြည်နယ်များရှိ သဘာဝသယံဇာတအရေး၊ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေး၊ ဘတ်ဂျက်ခွဲဝေရေး၊ အခွန်တော်ကိစ္စ စသည့် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်လာလျှင် ဗမာနိုင်ငံရေးပါတီများသည် တစ်သဘောတည်း ရှိကြမည်ကများပေသည်။ ယင်းသို့ရှိခဲ့ကြောင်းလည်း ဗမာ့နိုင်ငံရေး သမိုင်းတွင် အထင်အရှားရှိပြီးဖြစ်သည်။
ဗမာများအတွက် အရေးအကြီးဆုံးနှင့် အစိုးရိမ်ဆုံးဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ အခြေခံ ဥပဒေပြင်ဆင်မည့်ကိစ္စ စသည့် အာဏာခွဲဝေမှုအရေးများတွင် ဗမာစစ်တပ်၏မဲများဖြစ်သော မဲ (၁၁၀) ကိုပါ ရရှိနိုင်သည်ဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသားများအနေဖြင့် မိမိတို့ရပိုင်ခွင့်အတွက် ဒီမိုကရေစီ နည်းလမ်းဖြင့် တစ်စုံတစ်ရာရရှိနိုင်ရန် မလွယ်ကူလှချေ။ မဲအများစုပိုင်ရှင်ဖြစ်သော ဗမာနိုင်ငံရေးပါတီများ၊ ဗမာနိုင်ငံရေးသမားများ၊ ဗမာပြည်သူ့ ကိုယ်စားလှယ်များ၏ လိုက်လျောပေးသမျှလောက်သာ ရရှိနိုင်သည့် ဗမာနိုင်ငံ၏ လွှတ်တော်စနစ်ဖြစ်သည်။
ဗမာနိုင်ငံတော်အတွက် ဥပဒေပြုရာတွင် ဥပဒေကြမ်းတင်သွင်းရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည့် ဥပဒေကြမ်းများ၊ ပြည်သူ့လွှတ်တော်တွင်သာ တင်သွင်းရမည့် ဥပဒေကြမ်းများနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တစ်ခုခုတွင် စတင် တင်သွင်းနိုင်သည့် ဥပဒေကြမ်းများဟူ၍ (၃) မျိုး ခွဲခြားထားသည်။
ပြည်ထောင်စုလွှတ်တော်သည် (၁) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁)တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ (၂) ပြည်ထောင်စု၊ တိုင်းဒေသ ကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏ ဥပဒေပြုစာရင်း များတွင် ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ဥပဒေပြုပိုင်ခွင့် အာဏာကို ရရှိထားသည် (ပုဒ်မ (၉၆)(၉၈))။
ပြည်ထောင်စုလွှတ်တော်သည် ဗမာဗဟိုအစိုးရကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသား စီမံကိန်း၊ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေး ဆုံးဖြတ်ရမည့် နေရာဖြစ်သည်ဟုဆိုသည် (ပုဒ်မ ၁၀ဝ (ခ))။
ပြည်ထောင်စုလွှတ်တော်သည် ဥပဒေကြမ်းတစ်ရပ်စီနှင့် စပ်လျဉ်း၍ဖြစ်စေ၊ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲသည့်အခါ ဆွေးနွေးဆုံးဖြတ်ရမည့်နေရာဖြစ်သည်ဟု ဆိုသည် (ပုဒ်မ ၉၅(ခ)၊ ပုဒ်မ ၉၇ (ဃ)၊ ပုဒ်မ ၁၃၇(ဂ))။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် လွှတ်တော်တစ်ရပ်စီရှိသည်။ ယင်းလွှတ်တော်သည် ဇယား (၂) တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုပိုင်ခွင့်ရှိသည် (ပုဒ်မ ၁၈၈)။ ဇယား (၂) တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းမှာ ဗမာနိုင်ငံတော်အတွက် အရေးမကြီးသော၊ အဓိကငွေဝင်လမ်းမဟုတ်သော၊ တစ်နည်းအားဖြင့် အာသာပြေအလုပ်တစ်ခုပေးထားသည့် အသေးအဖွဲကိစ္စရပ်များသာ အများစုပါဝင်သည်။
ထိုသို့ မဖြစ်စလောက်ကိစ္စရပ်များကို ဥပဒေပြုခွင့်ပေးထားသည့်တိုင် တိုင်းဒေသများနှင့် ပြည်နယ် လွှတ်တော်များတွင် ဗမာစစ်တပ်က သုံးပုံတစ်ပုံသောနေရာကို ပုံသေရယူထားသဖြင့် ယင်းမှာ အုပ်ထိန်းသူ မလွတ်ကင်းသေးသော ဥပဒေပြုခွင့်ကြီးသာဖြစ်သည် (ပုဒ်မ ၁၆၁ – ဃ)။ တိုင်းဒေသနှင့် ပြည်နယ်များ၏ နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို တိုင်းဒေသနှင့် ပြည်နယ်အစိုးရအဖွဲ့များကသာ တင်သွင်းခွင့်ရှိသည် (ပုဒ်မ ၁၉၃)။ သို့ရာတွင် တိုင်းဒေသနှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်မည့် ဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတက ခန့်အပ်ရပြီး (ပုဒ်မ ၂၆၁)၊ တိုင်းဒေသနှင့် ပြည်နယ်ဝန်ကြီးများကိုလည်းကောင်း၊ တိုင်းဒေသနှင့် ပြည်နယ်ဥပဒေချုပ်ကိုလည်းကောင်း ဝန်ကြီးချုပ်က စာရင်းတင်သွင်းကာ နိုင်ငံတော်သမ္မတက ခန့်အပ်ရသည့်အတွက် (ပုဒ်မ ၂၆၂၊ ပုဒ်မ ၂၆၆) နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင်လည်း ဗမာဗဟို အစိုးရ၏လက်နှင့် မလွတ်ကင်းနိုင်ပေ။
ထိုသို့ မဖြစ်စလောက်ကိစ္စရပ်များကို ဥပဒေပြုခွင့် ပေးထားသည့်တိုင် ဥပဒေများ၏ အကျိုးသက် ရောက်မှုအနေဖြင့် တိုင်းဒေသများနှင့် ပြည်နယ်လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ စသည်များက ပြဋ္ဌာန်းလိုက်သော ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေပါအတိုင်း ကျင့်သုံးရမည်ဟု သတ်မှတ်ထားသဖြင့် ပြည်ထောင်စုလွှတ်တော်သည်သာ အဓိကအဆုံးအဖြတ် စီရင်ချက်ချနိုင်သော ဥပဒေပြုတရားရုံးတော် ကြီးဖြစ်သည်(ပုဒ်မ ၁၉၈ (ခ)(ဂ))။
ဥပဒေပြုရေး၌ အခွင့်အာဏာရှိလှသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ပါဝင်ရာ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်အတွက် ပေးနိုင်သော မဲအရေအတွက်မှာ ( အမျိုးသားလွှတ် တော် (၂၂၄) မဲ + ပြည်သူ့လွှတ်တော် (၄၄၀) မဲ = (၆၆၄) မဲ ရှိသည် ဆိုပါစို့ )။ ယင်းတွင် ဗမာစစ်တပ်က အပိုင်ယူထားသော (၁၆၆) မဲကိုဖယ်လိုက်သော် (၄၉၈) မဲ ကျန်သည်။ တိုင်းဒေသကြီးများဖွဲ့၍ အမျိုးသားလွှတ်တော်၏ မဲများကို တိုင်းရင်းသားများထံမှ ဖဲ့ယူထားသော မဲ (၈၄) မဲနှင့်၊ ဗမာပြည်မကို ခေတ်အဆက်ဆက် စီးပွားဖွံ့ဖြိုးအောင်၊ လူနေအိမ်ခြေများအောင်၊ မြို့နယ်အရေအတွက် များအောင် ပြုလုပ်ကာ ပြည်သူ့လွှတ်တော်တွင် တိုင်းဒေသကြီးများ၏ မြို့နယ်အခြေခံရရှိသော မဲ (၂၀၇) မဲကို ပေါင်းလိုက်လျှင် (၂၉၁) မဲရရှိသည်။ ယင်းသည် ဗမာစစ်တပ်၏မဲ မပါဘဲနှင့်ပင် (၄၉၈) မဲ၏ (၅၈) ရာခိုင်နှုန်း ကိုရရှိခြင်းဖြစ်သည်။ ဗမာစစ်တပ်၏မဲကို ပေါင်းထည့်လိုက်လျှင် (၆၈) ရာခိုင်နှုန်းကို ရရှိနိုင်သည်။
သို့ဖြစ်၍ ဗမာနိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များ ကြီးစိုးထားသော ဗမာလွှတ်တော်တွင် ၄င်းတို့၏သဘောတူညီချက်မရရှိဘဲနှင့် မည်သည့်ဥပဒေကိုမှ ပြု၍မရနိုင်သကဲ့သို့ ဗမာအမျိုးသားအကျိုးစီးပွားကို ကာကွယ်သော မည်သည့်ဥပဒေကိုမဆို ပြုခွင့်ရနိုင်ပေသည်။ ယင်းသည် ဒီမိုကရေစီ၏ အားနည်းချက်ကို ဗမာအုပ်ချုပ်သူများက အားသာချက်အဖြစ်အသုံးချကာ တိုင်းရင်းသားများအပေါ် ဆက်လက်ချုပ်ကိုင်နိုင် ရန် ပြင်ဆင်ထားခြင်းပင်ဖြစ်သည် (ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁)။
(ဂ) အဆင့် (၃) – ဗမာနိုင်ငံရေးပါတီများ သို့မဟုတ် ဗမာစစ်တပ်ကသာလျှင် ဗဟိုအစိုးရဖွဲ့စည်းနိုင်ပြီး တိုင်းရင်းသားပြည်နယ်များကို ချုပ်ကိုင်ထားနိုင်ခြင်း
ဗမာနိုင်ငံတော်ကို သမ္မတအစိုးရအဖွဲ့က အုပ်ချုပ်သည်။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်သော သမ္မတဖြစ်သည်။ သမ္မတရွေးချယ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့နှင့် ရွေးကောက်ခံမဟုတ်ဘဲ လွှတ်တော်ထဲတွင် နေရာယူထားသည့် ဗမာစစ်တပ်အစုအဖွဲ့ဟု (၃) ဖွဲ့ ခွဲပြီး ဒုသမ္မတတစ်ယောက်စီ ရွေးပေးရသည်။ ဗမာစစ်တပ်သည် ဒုသမ္မတတစ်ယောက် ရပိုင်ခွင့်ကို အပိုင်ယူထားပြီးဖြစ်သည် (ပုဒ်မ ၆၀ (က)(ခ)(ဂ))။
၄င်းဒုသမ္မတ (၃) ဦးထဲက နိုင်ငံတော်သမ္မတအား ရွေးချယ်တင်မြှောက်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးက မဲပေးကြရမည်ဖြစ်သည်။ မဲဆန္ဒနယ်များအားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ပြီး မဲအရေအတွက် (၆၆၄) မဲ အပြည့်ရှိသည်ဟု ယူဆကြပါစို့။ ဗမာစစ်တပ်က အပိုင်စီးထားသော (၁၆၆) မဲကို ဖယ်လိုက်ပြီး၊ ကျန်သော (၄၉၈) မဲတွင် တိုင်းဒေသကြီးကိုယ်စားပြုမဲက (၂၉၁) မဲရှိကာ တိုင်းရင်းသားပြည်နယ် များ၏ မဲမှာ(၂၀၇) မဲသာ ရှိသည့်အတွက် တိုင်းဒေသကြီးများတွင် အပြတ်အသတ်အနိုင်ရနိုင်သည့် ဗမာနိုင်ငံရေးပါတီ သို့မဟုတ် ပါတီများ၊ ၄င်းတို့လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒကို သမ္မတရွေးကောက်ပွဲ၌ လည်း သွေဖည်၍ ရနိုင်မည်မဟုတ်ပေ (ပုဒ်မ ၆၀ (င))။
ပြီးခဲ့သော ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်များအရ တိုင်းရင်းသားပြည်နယ်များ၏ (၂၀၇) မဲကို တိုင်းရင်းသားပါတီများက အပြည့်မရရှိနိုင်ခဲ့ဘဲ ဗမာနိုင်ငံရေးပါတီများက များစွာခွဲယူသွားကြောင်း တွေ့ရှိနိုင်သည်။ တိုင်းရင်းသားပါတီများနှင့် ဗမာစစ်တပ်ပေါင်းကြရန်မှာလည်း နိုင်ငံရေးဦးတည်ချက်များ တစ်လမ်းစီဖြစ်နေသည့်အတွက် ဘုံအကျိုးစီးပွားတည်ဆောက်၍ ရနိုင်စရာ မရှိပေ။ ယင်းသို့ ပူးပေါင်းသည့်တိုင် စစ်တပ်၏နိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေခြင်းကို ဆန့်ကျင်သော ဗမာနိုင်ငံရေးအင်အားစုများ၏ မဲအသာစီး ရရှိနေမှုကို ကျော်လွန်နိုင်ရန်မလွယ်ကူပေ။ လက်ရှိ ဗမာပြည်မ၏ နိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံရေး တွေးခေါ်မှုများမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ လူများစုဝါဒနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှိုင်းလုံးများအောက်မှ ရုန်းမထွက်နိုင်သေးဘဲ တန်းတူညီမျှ လွတ်လပ်ပြီး တိုင်းရင်းသားအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ဦးတည်သော နိုင်ငံရေးဝန်းကျင်အသစ်ဆီသို့ အရွေ့တစ်ခု မဖြစ်ပေါ်နိုင်သေးသဖြင့် လွှတ်တော်ထဲတွင် မျှခြေကို ဖြစ်ပေါ်စေမည့် ဗမာနိုင်ငံရေးပါတီငယ်များလည်း အရေးမသာနိုင်သေးချေ။
သို့ဖြစ်ရကား နိုင်ငံတော်သမ္မတဖြစ်လာမည့်သူသည် ဗမာလူမျိုးအများစုကို ကိုယ်စားပြုသော ဗမာနိုင်ငံရေးပါတီ သို့မဟုတ် ပါတီများအား ဦးဆောင်နိုင်သူဖြစ်ရမည်၊ သို့တည်းမဟုတ် ယင်းပါတီများက ထောက်ခံသူဖြစ်ရပေမည်။ အဓိကအချက်မှာ ယင်းပါတီများ၏ မူဝါဒအတိုင်းသွားမည့်သူသာလျှင်ဖြစ်ပေလိမ့်မည်။ နိုင်ငံတော်သမ္မတသည် ၄င်းကိုယ်တိုင် ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းနိုင်သည် (ပုဒ်မ-၂၀၁)။ ယင်းကောင်စီ တွင် စုစုပေါင်း (၁၁)ဦး ပါရှိရာ အရပ်ဖက်မှ (၅) ဦးနှင့် ဗမာစစ်တပ်မှ (၆) ဦး ဖြစ်သည်။ အရပ်ဖက်မှ (၅)ဦးသည် လွှတ်တော်ထဲတွင် အင်အားကြီးသော ဗမာနိုင်ငံရေးပါတီများမှ သော်လည်းကောင်း၊ ယင်း ပါတီများက ထောက်ခံသည့် ၄င်းတို့၏ အကျိုးစီးပွား ကို လုပ်ဆောင်မည့်သူ သော်လည်းကောင်း ဖြစ်နိုင်ပေသည် (ပုဒ်မ ၂၀၁)။ သို့ဖြစ်၍ ဗမာနိုင်ငံတော်အုပ်ချုပ်ရေးတွင် အရေးပါသော ဤကောင်စီသည် ဗမာစစ်တပ်နှင့် ဗမာနိုင်ငံရေးပါတီများ၏ လွှမ်းမိုးမှု အပြည့်အဝရှိသဖြင့် တိုင်းရင်းသားများအား ချုပ် ကိုင်အုပ်စိုးရန် ပြင်ဆင်ထားမှုဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ၄င်းဦးဆောင်သော ဗမာနိုင်ငံတော် ဗဟိုအစိုးရကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် ဗဟိုအစိုးရဝန်ကြီးများကို ခန့်အပ်သည်။ ယင်းဝန်ကြီးများသည် နိုင်ငံတော်သမ္မတကို တာဝန်ခံရမည် (ပုဒ်မ ၂၃၂ )။

နိုင်ငံတော်သမ္မတသည် ဗဟိုအစိုးရ ဒုတိယ ဝန်ကြီးများကို ခန့်အပ်နိုင်သည်။ ယင်း ဒုတိယဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား သက်ဆိုင်ရာဝန်ကြီးများမှတစ်ဆင့် တာဝန်ခံရ မည် (ပုဒ်မ ၂၃၄)။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် ပြည်ထောင်စု ရှေ့နေချုပ်အား ခန့်အပ်ရမည်။ ယင်းရှေ့နေချုပ် သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် ( ပုဒ်မ ၂၃၇ )။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ဒုတိယရှေ့နေချုပ်အား ခန့်အပ်ရမည်။ ယင်း ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စု ရှေ့နေ ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံ ရမည် ( ပုဒ်မ ၂၃၉ )။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှု ဖြင့် ခန့်အပ်ရမည်။ ယင်းစာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် (ပုဒ်မ ၂၄၂)။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဒုတိယစာရင်းစစ်ချုပ်အား ခန့်အပ်ရမည်။ ယင်း ဒုတိယစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် (ပုဒ်မ ၂၄၄)။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းပြီး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ခန့်အပ်ရမည်။ ၄င်းတို့သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် (ပုဒ်မ ၂၄၆)။
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုဖြင့် ခန့်အပ်ရမည် (ပုဒ်မ ၂၆၁)။ ယင်း ဝန်ကြီးချုပ်များသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် (ပုဒ်မ ၂၆၂ (ဌ)(၁))။
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုဖြင့် တင်ပြလာသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ကို ခန့်အပ်ရမည်။ ယင်းဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား သက်ဆိုင်ရာ ဝန်ကြီးချုပ်မှတစ်ဆင့် တာဝန်ခံ ရမည် (ပုဒ်မ ၂၆၂)။
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးဌာနများ အတိုးအလျော့လုပ်ခြင်း၊ ဝန်ကြီးဦးရေ အတိုးအလျော့လုပ်ခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုဖြင့် ပြုလုပ်နိုင်သည် (ပုဒ်မ ၂၄၈ (ဂ))။
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုဖြင့် တင်ပြလာသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ် များကို ခန့်အပ်ရမည်။ ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များသည် ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည် (ပုဒ်မ ၂၆၆ ) ။
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်၏ သဘောတူညီမှုဖြင့် တင်ပြလာသော တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ် များအား ခန့်အပ်ရမည်။ ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များသည် နိုင်ငံတော်သမ္မတအား ဝန်ကြီးချုပ်မှတစ်ဆင့် တာဝန်ခံရမည် (ပုဒ်မ ၂၇၁)။
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် တင်ပြလာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဥက္ကဋ္ဌအား ခန့်အပ်ရမည်။ ယင်းတို့သည် နိုင်ငံတော်သမ္မတအား ဝန်ကြီးချုပ်မှတစ်ဆင့် တာဝန်ခံရမည် (ပုဒ်မ ၂၇၆)။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်နှင့်မြို့နယ်များကို လိုအပ်သလို ပြင်ဆင် နိုင်သည် (ပုဒ်မ ၂၈၄ (ခ))။
နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီကို ဖွဲ့စည်းရမည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များကို ခန့်အပ်ရမည်။ ယင်းတို့သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် (ပုဒ်မ ၂၈၅)။
ဖော်ပြပါ ပုဒ်မများကို လေ့လာသုံးသပ်ခြင်းအားဖြင့် ဗမာနိုင်ငံတော်၏ သမ္မတကို ဗမာနိုင်ငံရေးပါတီများက အရေအတွက်အားဖြင့် လွှမ်းမိုးကြီးစိုးထားနိုင်သော ပြည်ထောင်စုလွှတ်တော်က ရွေးချယ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတသည် လွှတ်တော်ထဲတွင် နောက်ခံအင်အားများစွာ ရှိသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတသည် လွှတ်တော်ထဲတွင် ကြီးစိုးနေသော အင်အားစုများ၏ ကိုယ်စားလှယ်ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ဗဟိုအစိုးရအဖွဲ့ဝင်များကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် ခန့်အပ်သည်။ အမှန်စင်စစ်၌ သမ္မတ၏ဗဟိုအစိုးရအဖွဲ့နှင့် လွှတ်တော်တို့ အပြန်အလှန်ထိန်းကျောင်းရန် ရည်ရွယ်ချက်ဖြင့် လွှတ်တော်၏သဘောတူညီမှုဖြင့် ခန့်အပ်ရမည်ဟု ဆိုသော်ငြားလည်း ရှေ့တွင်ဖော်ပြခဲ့သော သဘောတရားများအရ နိုင်ငံတော်သမ္မတနှင့် ၄င်း၏လွှတ်တော်အုပ်စု၊ သို့မဟုတ် လွှတ်တော်အင်အားကြီး အုပ်စုနှင့် ၄င်းတို့၏ ကိုယ်စားလှယ်သမ္မတအဖို့ ဗဟိုအစိုးရအဖွဲ့ဝင်များခန့်အပ်ရာတွင် တစ်စုံတစ်ရာ ထိန်းကျောင်းမှု ရှိမည်မဟုတ်ချေ။
ထို့ကြောင့် ဗမာနိုင်ငံတော်ဗဟိုအစိုးရသည် လွှတ်တော်ထဲတွင်ရှိနေသော ၄င်းတို့၏ ဗမာနိုင်ငံရေးပါတီ ကိုယ်စားလှယ်အများစုနှင့် ပုလင်းတူဗူးဆို့ အစိုးရဖြစ်လျက် တိုင်းရင်းသားများအပါအဝင် တစ်နိုင်ငံလုံးကို ဗမာနိုင်ငံတော်ပြုကာ စိတ်ကြိုက်စီမံ အုပ်ချုပ်ခွင့် ရရှိနေသည်။
တိုင်းရင်းသားပြည်နယ် ဝန်ကြီးချုပ်များကို သော်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများကို သော်လည်း ကောင်း၊ ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို သော်လည်းကောင်း ခန့်အပ်တာဝန်ပေးခွင့်နှင့် တာဝန် မှ ရပ်စဲခွင့်ရှိသူမှာလည်း ဗမာအစိုးရ၏ သမ္မတသာလျှင်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌများကို ခန့်အပ်နိုင်ခွင့်ရှိသူမှာလည်း သမ္မတသာလျှင်ဖြစ်သည်။ ဗမာနိုင်ငံတော်သမ္မတနှင့် ၄င်း၏ဗဟိုအစိုးရအဖွဲ့သည် ဗဟိုအစိုးရ၏မူဝါဒများ၊ စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖော်နိုင်သည် (ပုဒ်မ ၂၂၀)။ ဗမာနိုင်ငံတော်သမ္မတနှင့် ၄င်း၏ဗဟိုအစိုးရအဖွဲ့သည် ဗမာ တစ်နိုင်ငံလုံး၏ အရ၊အသုံးဘတ်ဂျက်ကို ရေးဆွဲနိုင်သည် (ပုဒ်မ ၂၂၁)။ ဗမာနိုင်ငံတော်သမ္မတနှင့် ၄င်း၏ ဗဟိုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် စပ်လျဉ်းသောဥပဒေ ကြမ်းများကို လွှတ်တော်သို့တင်သွင်းနိုင်သည်။ ယင်းဥပဒေကြမ်းကို အတည်ပြုရန်အတွက်လည်း လွှတ်တော်တွင်းတွင် ကြီးမားသောနိုင်ငံရေးအင်အားစုရှိသည် (ပုဒ်မ ၂၂၃)။ ဗမာနိုင်ငံတော်သမ္မတနှင့် ၄င်း၏ ဗဟို အစိုးရဝန်ကြီးဌာနများသည် နိုင်ငံတစ်နံတစ်လျားရှိ ၄င်းတို့ ဝန်ကြီးဌာနများ လက်အောက်ခံ အစိုးရဌာနများ၊ အဖွဲ့အစည်းများကို စီမံခန့်ခွဲသည် (ပုဒ်မ ၂၂၄)။ ဗမာနိုင်ငံတော်သမ္မတနှင့် ၄င်း၏ဗဟိုအစိုးရအဖွဲ့သည် တိုင်းရင်းသားပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့များအား ဗဟိုအစိုးရ၏ တစ်သွေး၊တစ်သံ၊တစ်မိန့် အောက် တွင် အလုပ်လုပ်ကြရန် အမိန့်ထုတ်နိုင်သည် (ပုဒ်မ – ၂၂၅)။ ဗမာနိုင်ငံတော်သမ္မတနှင့် ၄င်း၏ ဗဟို အစိုးရအဖွဲ့သည် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံးအား စိတ်တိုင်းကျအုပ်ချုပ်နိုင်ရန် အထောက် အကူပြုမည့် လက်မရွံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဝန်ထမ်းများကို နိုင်ငံတော်ဘဏ္ဍာငွေကို အသုံးပြုလျက် စိတ်ကြိုက် ဖွဲ့စည်းခန့်အပ်နိုင်သည် (ပုဒ်မ ၂၂၇)။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဗမာနိုင်ငံတော်၏ တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်ပုံမှာ အောက်ပါ အတိုင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗမာစစ်တပ်နှင့် ပူးပေါင်းမှုဖြင့်ဖြစ်စေ၊ ဗမာစစ်တပ်မပါဘဲဖြစ်စေ လွှတ် တော်ထဲတွင် အင်အားသာလွန်ပြီးဖြစ်သော ဗမာနိုင်ငံရေးအင်အားစုများက တိုင်းရင်းသားများနှင့် ညှိနှိုင်းထိန်း ကျောင်းရန်မလိုဘဲ နိုင်ငံတော်သမ္မတအား ခန့်အပ်နိုင်ရန် အခွင့်အရေးအများဆုံးရရှိပြီးဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ၄င်း၏သာလွန်သော လွှတ်တော်နောက်ခံ အင်အားစုဖြင့်၊ သို့မဟုတ် အင်အား ကောင်းသော လွှတ်တော်အင်အားစုများ၏ ကိုယ်စားလှယ်ဖြစ်သော နိုင်ငံတော်သမ္မတက ဗဟိုအစိုးရအဖွဲ့ကို ဖွဲ့သည်။ ဗမာများက ဗမာပြည်မဟုသတ်မှတ်ကာ တိုင်းဒေသများဟု ပိုင်းခြားထားသော နယ်မြေများ၊ တိုင်းရင်း သားပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများသည် ဗမာနိုင်ငံတော်အား အုပ်ချုပ်ရေးအရ ပိုင်းခြား ထားခြင်းသာဖြစ်ပြီး ယင်းနယ်မြေအားလုံးအား ဗဟိုအစိုးရ၏ သဘောဆန္ဒအတိုင်း စီမံအုပ်ချုပ်ရန် အကြီးအကဲများ၊ တာဝန်ခံများကိုလည်း သမ္မတက ခန့်အပ်ကာ ၄င်း၏တာဝန်များကို ခွဲဝေလုပ်ကိုင်ခိုင်းသည်။
ယင်းတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများကို ခရိုင်များ၊ မြို့ နယ်များ၊ မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာများအဖြစ် ထပ်မံပိုင်းခြားပြီး ဗဟိုအစိုးရ သို့ မဟုတ် ဗဟိုအစိုးရဝန်ကြီးဌာန သို့မဟုတ် ဗဟိုအစိုးရ၏ တစ်ဆင့်ခံ ဒေသန္တရ ( တိုင်းဒေသကြီး / ပြည်နယ် ) အစိုးရ၏ လက်အောက်ခံဌာနဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တစ်ပြည်လုံးကို ဖြန့်ကျက် အုပ်ချုပ်သည် (ပုဒ်မ ၂၈၈၊ ပုဒ်မ ၂၈၉)။ တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ယင်းတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည် (ပုဒ်မ ၂၆၀) ။ ယင်းတို့သည် တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရပိုင်းဆိုင်ရာတွင် ထိပ်ဆုံးမှ အောက်ဆုံးထိ အဓိက အဆုံးအဖြတ် ပေးနိုင်သော ရာထူးများနှင့်၊ စီမံခန့်ခွဲအုပ်ချုပ်ခြင်းဆိုင်ရာ အဓိကအလုပ်လုပ်ရသော ရာထူးများအားလုံးကို ဗဟိုအစိုးရက ချုပ်ကိုင်မောင်းနှင်နေခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဗဟိုအစိုးရဝန်ကြီးဌာနများဖွဲ့စည်းကာ ဝန်ကြီးများ ခန့်အပ်သည်။ ဗဟိုအစိုးရ ဝန်ကြီးဌာနများသည် တစ်နိုင်ငံလုံး၏ အရေးပါသောကဏ္ဍများအားလုံးကို ကိုင်တွယ်စီမံသည်။ ယင်း ဝန်ကြီးဌာနများသည် တစ်နိုင်ငံလုံးသို့ ဌာနခွဲများ၊ ရုံးခွဲများ ဖြန့်ကျက်ကာ ချုပ်ကိုင်ထားသည်။ ယင်းဌာနခွဲများ၊ ရုံးခွဲ များအားလုံးသည် ဗဟိုအစိုးရဝန်ကြီးဌာနများ၏ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အတိုင်း လုပ်ဆောင်ကြရသည်။
ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်၊ သဘောထားနှင့် စီမံပိုင်ခွင့်တို့အား ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်း မရှိပေ။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရဝန်ကြီးဌာနများမှာလည်း လုပ်ပိုင်ခွင့် အလွန်နည်းပါးကာ၊ ယင်းနည်းပါးသော လုပ်ပိုင်ခွင့်များအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအား တာဝန်ခံရလျက်၊ ယင်းမှတစ်ဆင့် သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးဌာနများကို တာဝန်ခံရသည်ဖြစ်ရာ လုပ်ပိုင်ခွင့်အာဏာများသည် ဗဟိုမှ ဒေါင်လိုက်စီးကျလာမှုမျိုးသာဖြစ်သည်။
တစ်နည်းဆိုရလျှင် နိုင်ငံတော်သမ္မတသည် အထွေထွေအုပ်ချုပ်ရေး အာဏာများနှင့် လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ၄င်းတို့၏အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်နှင့် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသို့ တာဝန်ခံမှု ခွဲဝေပေးခြင်းသာ ဖြစ်သည်။ တစ်ဖက်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အခြေခံကျ၍ အရေးကြီးသော ကဏ္ဍများကို ဝန်ကြီးဌာန များ ဖွဲ့စည်းကာ ယင်းဝန်ကြီးဌာနများ၏ လက်အောက်ခံဌာနခွဲများ၊ အဖွဲ့အစည်းများသို့ တာဝန်ခံမှုများခွဲဝေ ပေးခြင်းသာ ဖြစ်သည်။ ဗဟိုအစိုးရဝန်ကြီးဌာနများ၏ ကွပ်ကဲမှုအောက်တွင် ညွှန်ကြားချက်များအား အကောင် အထည်ဖော်ဆောင်ပေးရမည့် တာဝန်များ ပေးအပ်ထားခြင်းသာဖြစ်သည်။ အမှန်စင်စစ်၌ကား တိုင်းပြည် အုပ်ချုပ်မှုအာဏာကို ဗဟိုအစိုးရက ချုပ်ကိုင်ထားပြီး ၄င်းတို့၏ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ၊ စီမံ ကိန်းများကို လက်အောက်ခံ အုပ်ချုပ်ရေးအဆင့်ဆင့်သို့ လိုက်နာအကောင်အထည်ဖော်ရန်အတွက် တာဝန်ခံမှု ကိုသာ ခွဲဝေပေးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်စီမံခွင့်များကို ချုပ်ကိုင်ကန့်သတ်ထားသည့် တစ်ပြည်ထောင်အတွင်း တင်းကြပ်သော ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခြင်းသာ ဖြစ်ပေသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈ တွင် ပြဋ္ဌာန်းထားသကဲ့သို့ ” နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည် ” ဟု ဆိုပါလျှင် နိုင်ငံတော်သည် သီးခြားလွတ်လပ်သောပြည်နယ်များ ပေါင်းစည်းတည်ထောင်ထားခြင်းသာ ဖြစ်ရပေမည်။ တစ်ပြည်ထောင်တည်းကို အုပ်ချုပ်ရာ၌ လွယ်ကူစေရန်မျှ အတွက် အုပ်ချုပ်ရေးနယ်မြေများ ပိုင်းခြားထားခြင်းမျိုး မဖြစ်သင့်ပေ။ ပြည်ထောင်စုအတွင်း၌ ပြည်နယ်အစိုးရ များနှင့် ဒေသန္တရအစိုးရများသည် ဥပဒေဖြင့်တိကျစွာ သတ်မှတ်ထားသော ၄င်းတို့၏ပိုင်နက်နယ် မြေများ အတွင်း ကိုယ်ပိုင်အခြေခံဥပဒေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကြပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လွတ် လပ်စွာလုပ်ဆောင်နိုင်ရမည်။
ပြည်ထောင်စုအစိုးရဆိုသည်မှာ ပြည်နယ်များက တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ကိစ္စရပ်များအတွက် လွှဲပြောင်းပေးအပ်ထားသော လုပ်ပိုင်ခွင့်များကိုသာ စီမံခန့်ခွဲရပြီး ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်စီမံခွင့်များကို ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိချေ။ သို့ရာတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယင်းကဲ့သို့သော ပြည်ထောင်စု၏အနှစ်သာရများမှာ ပျောက်ဆုံးနေပြီး တိုင်းရင်းသားပြည်နယ်များ၏ ရပိုင်ခွင့်များအားလုံးကို ဗမာဗဟိုအစိုးရကသာ လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားသည်။

(ဃ) အဆင့် (၄) – တိုင်းပြည်၏ဘဏ္ဍာရေးအရင်းအမြစ်အားလုံးနှင့် ဘတ်ဂျက်ခွဲဝေမှုများကို ဗဟိုအစိုးရကသာ အပိုင်စီးထားခြင်း
(၁) ဗမာနိုင်ငံတော်ပိုင်ပြုခြင်း
ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်နယ်များ ပေါင်းစည်းတည်ထောင်ထားခြင်းမျိုး မဟုတ်ဘဲ ၂၀ဝ၈ ဖွဲ့စည်းပုံတွင် ဗမာနိုင်ငံအဖြစ်သာ ယူဆထားသည့်အလျောက် တိုင်းရင်းသားပြည်နယ်များသည် ၄င်းတို့ ၏ ရေ၊ မြေ၊ သဘာဝ သယံဇာတများကို ပိုင်ဆိုင်ခွင့်မရဘဲ ဗမာနိုင်ငံတော်ကသာ အလုံးစုံကို ပိုင်ဆိုင်သည်။ ဗမာနိုင်ငံတော်၏ ဗဟိုအစိုးရကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ယင်းသို့ စီမံခန့်ခွဲရန်အတွက် လိုအပ်သောဥပဒေကို ပြဋ္ဌာန်းပိုင်ခွင့်ရှိသည်။ ယင်းသည် တိုင်းပြည်၏ ဘဏ္ဍာရေးအရင်းအမြစ် အားလုံးကို မောင်ပိုင်စီးလိုက်ခြင်းပင် ဖြစ်သည်။ ဗမာလူမျိုးကို အဓိကကိုယ်စားပြုသော အစိုးရက ဗမာမဟုတ်သော ကျန်တိုင်းရင်းသားများ၏ ရေ၊ မြေ၊ တော၊ တောင်နှင့် သဘာဝ သယံဇာတများကို ဥပဒေပြဋ္ဌာန်းကာ သိမ်းပိုက်လိုက်ခြင်းပင်ဖြစ်သည် ( ပုဒ်မ ၃၇ (က) (ခ) )။
(၂) အခွန်ဘဏ္ဍာအားလုံးကို ဗဟိုအစိုးရက သိမ်းပိုက်ခြင်း
ဗမာနိုင်ငံတော်သည် တိုင်းရင်းသားများ၏ ပိုင်ဆိုင်မှုများကို အပိုင်သိမ်းပြီးသည့်နောက် ယင်းတို့ကို ဥပဒေပြုကာ တရားဝင်စီမံပိုင်ခွင့်ရရှိရန်အတွက် ပြည်ထောင်စုဥပဒေပြုစာရင်းကို ပြုစုခဲ့သည် (ပုဒ်မ ၉၆၊ ဇယား ၁)။ ယင်းစာရင်းတွင် ကဏ္ဍပေါင်း (၁၁)ခု ခွဲကာ အရေးပါသော၊ အဓိကကျသော၊ ဘဏ္ဍာငွေဝင်ရာ လမ်းဖြစ်သော ကိစ္စရပ်ပေါင်း (၁၂၃) ရပ်ကို ဗမာဗဟိုအစိုးရ၏ အဓိကကျောထောက်နောက်ခံဖြစ်သော ဗမာ ပြည်ထောင်စုလွှတ်တော်အား ဥပဒေပြုခွင့်ကို ပေးအပ်ခဲ့သည်။ တိုင်းရင်းသားပြည်နယ်များအနေဖြင့် ကိုင်းဖျား ကိုင်းနားမျှကိုသာ ဥပဒေပြုခွင့်ရပြီး၊ ယင်းဥပဒေများသည်ပင် ပြည်ထောင်စုဥပဒေများနှင့် ကွဲလွဲပါက ပြည် ထောင်စုဥပဒေကိုသာ အတည်ယူရဦးမည်ဖြစ်သည် (ပုဒ်မ ၁၉၈)။
ပြည်နယ်များက ကောက်ခံခွင့်ရှိသော အခွန်၊ အခများမှာလည်း လုံးဝမဖြစ်စလောက်၊ အသေးအဖွဲများ သာဖြစ်သည်။ ယင်းအသေးအဖွဲများသည်ပင် မများလှဘဲ အခွန် (၉) မျိုး၊ အခ (၃) မျိုး၊ ဘဏ္ဍာတော်ကြေး၊ မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး (၄) မျိုးနှင့် ပြည်နယ်ပိုင်ဘဏ္ဍာရန်ပုံငွေများမှ ထုတ်ချေးခြင်း၊ ရင်းနှီးမြှုပ်နှံ ခြင်းတို့မှရရှိသော အတိုးများနှင့် အကျိုအမြတ်များသာ ဖြစ်သည် (ပုဒ်မ ၂၅၄ ၊ ဇယား ၅)။
ပြည်နယ်များ၏ ကောက်ခံခွင့်ရှိသော အခွန် (၉) မျိုးမှာ မြေယာခွန်၊ ယစ်မျိုးခွန်၊ ရေခွန်၊ တာတမံခွန်၊ ကုန်းလမ်း ရေလမ်းသုံးယာဉ်များ စည်းကြပ်သောခွန်၊ ပွဲခွန်၊ ဆားခွန်၊ စည်ပင်ခွန်တို့ ဖြစ်သည်။ အခ (၃) မျိုးမှာ ပြည်နယ်က စီမံခွင့်ရှိသည့်ဆည်များ၊ တာတမံများ၏ ရေအားဖြင့် ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ၊ ပြည်နယ်က စီမံခွင့်ရှိသည့် လမ်း၊ တံတားများ ဖြတ်သန်းခ၊ ပြည်နယ်ပိုင်ပစ္စည်းများ ငှားရမ်းခတို့ဖြစ်သည်။ ဘဏ္ဍာတော်ကြေး၊ မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး (၄) မျိုးမှာ ရေချိုငါးလုပ်ငန်းအပေါ် စည်းကြပ်သော ဘဏ္ဍာ တော်ကြေး၊ သတ်မှတ်ထားသော အကွာအဝေးအတွင်း ပင်လယ်ငါးလုပ်ငန်းအပေါ် စည်းကြပ်သော ဘဏ္ဍာ တော်ကြေး၊ တရားရုံးများက ချမှတ်သော ဒဏ်ကြေး၊ မှတ်ပုံတင်ကြေး တို့ဖြစ်သည်။
ပြည်နယ်များက ကောက်ခံခွင့်ရှိသည့် အခွန်၊ အခ အမျိုးအစားများနှင့် ယင်းတို့၏ပမာဏမှာ သနား စရာကောင်းလှအောင် နည်းပါးလှသည်။ ( ဥပမာ – ချင်းပြည်နယ်တွင် မြေယာခွန်၊ ယစ်မျိုးခွန်၊ ရေခွန်၊ တာတ မံခွန်၊ ယင်းဆည်တာတမံတို့ကိုသုံး၍ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားသုံးစွဲခ၊ ရေချိုငါးလုပ်ငန်းခွန်၊ ပင်လယ်ငါးဖမ်းလုပ်ငန်းခွန်၊ ကုန်းလမ်း၊ရေလမ်းသုံးယာဉ်များအပေါ် စည်းကြပ်သောခွန်၊ ဆားခွန်၊ ပွဲခွန် စသည်များ မည်မျှ ရရှိနိုင်မည်နည်း။) သို့ရာတွင် ပြည်နယ်များက ကောက်ခံရမည့် ယင်းမဖြစ်စလောက်သော အခွန်အခများမှလွဲ၍ ကျန် သော အခွန်အခ၊ ဘဏ္ဍာငွေအားလုံးကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းသို့ ထည့်သွင်းရသည်။ ယင်းဘဏ္ဍာရန်ပုံငွေများအား ဥပဒေ (အကြောင်းအမျိုး မျိုးပြကာ ) နှင့်အညီ ဗဟိုအစိုးရက သုံးစွဲခွင့်ရှိသည် (ပုဒ်မ ၂၃၁ )။ (ဥပမာ – ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုမှပင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁ . ၅ ) ဘီလီယံမျှ ရရှိနေသည်။)
ဥပဒေပြုရာတွင်လည်း တစ်ပြည်လုံးအတွက်ဖြစ်စေ၊ ပြည်နယ်များ အတွက်ဖြစ်စေ အာဏာသက် ရောက်စေရန် ပြုခွင့်ရှိသည် (ပုဒ်မ ၉၆)။ ယင်းသို့ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် သက်ဆိုင်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပိုင်ခွင့်ကို ပြည်ထောင်စုဝန်ကြီးဌာနများ သို့မဟုတ် ပြည် ထောင်စုအဆင့်အဖွဲ့ အစည်းများကို ပေးအပ်ခဲ့သည် (ပုဒ်မ ၉၇ (က)(ခ))။
ယင်းသည် တစ်နည်းအားဖြင့် ဗမာဗဟိုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်က မောင်ပိုင်စီးထားသည့် ဇယား (၁) ပါ ကိစ္စရပ်များ (၁၂၃) ရပ်အပြင် ယင်းစာရင်းတွင် မပါရှိသေးသော ကိစ္စရပ်များ၊ ပြည်နယ် ဥပဒေပြုစာရင်း (ဇယား ၂ ) တွင် မပါရှိသေးသော ကိစ္စရပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ ဥပဒေပြုစာရင်းတွင် မပါရှိသေးသော၊ ဖော်ပြမထားသော ကိစ္စရပ်များကိုပါ ဥပဒေပြုခွင့်၊ စီမံခွင့်နှင့် ဘဏ္ဍာငွေ ရှာ ဖွေခွင့်များကို ပေးအပ်လိုက်ခြင်းပင်ဖြစ်သည် (ပုဒ်မ ၉၈)။
(၃) ပြည်ထောင်စုရန်ပုံငွေအဖြစ် သိမ်းပိုက်ထားသော ဘဏ္ဍာငွေများကို ဗဟိုအစိုးရကသာ စိတ်ကြိုက် စီမံခွဲဝေပိုင်ခွင့် ရယူထားခြင်း
ဗဟိုအစိုးရသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများကို သုံးစွဲနိုင်ရန် ဘဏ္ဍာရေးကော်မရှင်အား ဦးစွာ ဖွဲ့စည်းလိုက်သည်။ ယင်းကော်မရှင်တွင် (၂၁) ဦး ပါရှိရာ ဗမာစစ်တပ်က တင်မြှောက်သည့် ဒုတိယသမ္မတ တစ်ဦးမှလွဲ၍ ကျန်ပုဂ္ဂိုလ်များမှာ နိုင်ငံတော်သမ္မတနှင့် သမ္မတက ခန့်အပ်သော (၁၈) ဦး၊ ကျန် ဒုတိယသမ္မတ တစ်ဦးတို့ ဖြစ်ကြသည် (ပုဒ်မ ၂၂၉)။ သို့ဖြစ်ရာ ဘဏ္ဍာရေးကော်မရှင်သည် သမ္မတ၏ ခြေနိုင်လက်နိုင်ကော် မရှင်ဖြစ်သည်။ သမ္မတသည် ပြည်ထောင်စုလွှတ်တော်တွင် အင်အားများသော ဗမာလွှတ်တော်အမတ်များ၏ လူဖြစ်သည်။ ထို့ကြောင့် သမ္မတ၏ ဘဏ္ဍာရေးကော်မရှင်သည် တိုင်းရင်းသားများ၏ အကျိုးစီးပွားထက် ဗမာလူမျိုးများ၊ ၄င်းတို့အများစုနေကြသည်ဆိုသော တိုင်းဒေသကြီးများ၏ အကျိုးစီးပွားကိုသာ ကြည့်ရှုမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ ဗဟိုအစိုးရသည် ယင်း၏ပုလင်းတူဗူးဆို့ဖြစ်သော ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်း၍ ပြည်ထောင်စုဘတ်ဂျက်ကို ရေးဆွဲကာ ယင်း၏ကျောထောက်နောက်ခံ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဘတ်ဂျက်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဘတ်ဂျက်များကို ဒုတိယသမ္မတတစ်ဦးက လည်းကောင်း၊ ပြည်နယ် များ၏ ဘတ်ဂျက်ကို နောက်ဒုတိယသမ္မတတစ်ဦးက လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ တာဝန်ပေးမှုဖြင့် ဦးဆောင်စိစစ်ကာ သမ္မတဦးဆောင်သော ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရသည် (ပုဒ်မ ၂၃၀ )။ သို့ဖြစ်ရကား တိုင်းရင်းသားပြည်နယ်များ၏ ဘတ်ဂျက်မှာ ဗဟိုအစိုးရ၏ ကြည်ဖြူမှုအပေါ်မူတည်နေပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို ဖိနှိပ်ချုပ်ကိုင်ကာ ဗမာတစ်ပြည်ထောင်နိုင်ငံတော် အကျိူးစီးပွားအတွက် ဦးစားပေးရေးဆွဲထားခြင်းသာဖြစ်သည်။
(င) ဗမာစစ်တပ်နှင့် သူရင်းငှားနိုင်ငံရေး
(င – ၁ ) စစ်တပ်သည် သီးခြားအဖွဲ့အစည်းလား
ဗမာစစ်တပ်သည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမူ(ပုဒ်မ ၆-စ)တွင် “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ” ဟု ၄င်း၏ရည်ရွယ်ချက်ကို အတိအလင်းဖော်ပြထားသည်။
စစ်တပ်သည် နိုင်ငံတော်၏ အခြေခံကျသောကဏ္ဍများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည် ဖြစ်သည်။ ရွေးကောက်ခံဖြစ်သော နိုင်ငံတော် သမ္မတ၏ အရပ်သားအစိုးရအဖွဲ့မှ အရပ်သားကာကွယ်ရေးဝန်ကြီးသည် စစ်တပ်အပါအဝင် နိုင်ငံတော် ကာကွယ်ရေး အဖွဲ့အစည်းများကို ဦးဆောင်သူဖြစ်သည်။ စစ်တပ်သည် နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ချေ။ နိုင်ငံရေးတွင် ဝင်ပါရန် အကြောင်း လုံးဝမရှိပေ။ တိုင်းပြည်၏ အရေးပေါ်အခြေအနေတွင် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်က ယာယီအပ်နှင်းသည့်အခါမှလွဲ၍ တိုင်းပြည်၏ အုပ်ချုပ်ရေးတွင် တာဝန်ယူစရာ အကြောင်း မရှိ ပေ။ တိုင်းပြည်၏ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင်လည်း ဝင်ရောက်စွက်ဖက်စရာ အကြောင်းမရှိပေ။

သို့ရာတွင် စစ်တပ်သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့်အတွက် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့တွင် အချိန်မရွေး ဝင်ရောက်စွက်ဖက်ခွင့်ရှိသည်၊ တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍတွင် ပါဝင်ရမည်ဟု ဆိုခြင်းသည် (ပုဒ်မ ၇) တွင် –
” နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် “ ဟူသော ပြဋ္ဌာန်းချက်ကို ချေဖျက်လိုက်ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရွေးကောက်ပွဲဝင်ကြပြီး၊ လွှတ်တော်များဆင်ယင်ကျင်းပကာ အစိုးရအဖွဲများ ဖွဲ့စည်းကြခြင်းသည် နိုင်ငံရေးလုပ်တန်း ကစားနေကြ သည့်သဖွယ်သာ ဖြစ်နေပေသည်။
ဗမာစစ်တပ်သည် ၂၀ဝ၈ ဖွဲ့စည်းပုံတွင် ၄င်းတို့၏ အခန်းကဏ္ဍကို မတန်တဆပုံကြီးချဲ့ပြီး မဆိုင်သော လုပ်ပိုင်ခွင့်များကို အတင်းအဓမ္မရယူခွင့် ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၂၀-က) သည် ပြည်ထောင်စု၏ တစ်ခုတည်းသော တပ်မတော်ဖြစ်သည်ဟုဆိုလျှင် လုံလောက် သော်ငြား မလိုလားအပ်သော နာမဝိသေသနများဖြင့် အမွှမ်းတင်သည်။ ပုဒ်မ (၂၀-ခ) တွင် – တပ်မတော်က စီမံခန့်ခွဲနိုင်သည့်ကိစ္စ၊ သမ္မတက စီမံခန့်ခွဲနိုင်သည့် ကိစ္စနှင့် လွှတ်တော်၏ အတည်ပြုချက်ယူရမည့်ကိစ္စ စသည်ဖြင့် ခွဲခြားရမည်ဖြစ်ပါလျက်နှင့် ဗမာစစ်တပ်သည် ဆတ်ဆတ်အထိမခံသော၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့၏ အုပ်ချုပ်ကွပ်ကဲမှုအောက်မှ လွတ်ကင်းကာ ကိုယ်ပိုင်စီပွား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်တရားစီရင်ခွင့်ရှိသော သီးခြားအဖွဲ့အစည်းတစ်ခုကို ပြည်သူ့ဘဏ္ဍာငွေများဖြင့် တည်ဆောက်နေခြင်းကို ဆိုလိုသည်။
ပုဒ်မ (၂၀-ဂ) – လက်နက်ကိုင်တပ်ဖွဲ့များ အားလုံး၏ အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ရမည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရပ်သားကာကွယ်ရေးဝန်ကြီး၏ ကွပ်ကဲမှုအောက်တွင်သာ ရှိရမည် ဖြစ်သည်။
ပုဒ်မ (၂၀-ဃ) – ပြည်သူ့စစ်ဖွဲ့စည်းခြင်း၊ နိုင်ငံသားတိုင်းစစ်မှုထမ်းခြင်း အစရှိသည့် နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်စေမည့်ကိစ္စသည် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်၏တာဝန် သာ ဖြစ်သည်။
ပုဒ်မ ၂၀ (င)(စ) – ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်။ တပ်မတော်တစ်ခုတည်းက အဓိကတာဝန်ယူထားရန်မလိုပေ။ သို့ရာတွင် ဗမာများ၏ မဟာဗမာဝါဒကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ် မှုမှာ ပြိုကွဲပြီးဖြစ်သည်။ ပြည်ထောင်စုဆိုသည်မှာလည်း ဘယ်တုန်းကပင် ရှိခဲ့ဖူးသည်ကား မဟုတ်ပေ။ မဟာဗမာတစ်ပြည်ထောင်နှင့် ဗမာအချုပ်အခြာ အာဏာမပြိုကွဲရေး၊ တည်တံ့ခိုင်မြဲရေးသာ အစဉ်အဆက် လုံးပမ်းခဲ့ကြသည်သာ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာလည်း ဘုရားဟောမဟုတ်သည့်အတွက် ကာလဒေသကိုလိုက်၍ ပြင်ဆင်ရန်လိုအပ်ပါကလည်း ပြင်ဆင်ကြရမည်သာဖြစ်သည်။ အသစ်ရေးဆွဲရန် လိုအပ်သည်ဟု ပြည်သူလူထုက ဆန္ဒရှိပါကလည်း အသစ်ပြန်ရေးကြရမည်သာဖြစ်သည်။ ပြည်သူလူထုက သဘောတူလက်ခံသည့် အခြေခံဥပဒေဆိုပါကလည်း ယင်းကိုစောင့်ရှောက်ရန် ပြည်သူအားလုံးတွင် တာဝန်ရှိ သည်သာဖြစ်သည်။ ဗမာစစ်တပ်တစ်ခုတည်းက အမွေရသည့် ယောက္ခမရွှေထုပ်ကြီးကို ပိုက်ထားသကဲ့သို့ တမမ, လုပ်နေရန် မလိုပေ။
ပုဒ်မ (၃၃၈) – လက်နက်ကိုင် အဖွဲ့အစည်းတိုင်းအား တပ်မတော်၏ လက်အောက်သို့ ထည့်နေရန် မလိုပေ။ ရဲအဖွဲ့သည် စစ်တပ်လက်အောက်တွင် မဟုတ်ဘဲ သီးခြားဖြစ်ရမည်။ စုံစမ်းစစ်ဆေးရေး၊ ထောက်လှမ်းရေးအဖွဲ့အစည်းများသည်လည်း စစ်တပ်လက်အောက်တွင်ချည်း ရှိနေရန် မလိုအပ်ပေ။
ပြည်ထောင်စုစနစ်တွင် ပြည်နယ်ရဲတပ်ဖွဲ့များသည် ပြည်နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော ပြည်နယ် အစိုးရလက်အောက်ရှိ အဖွဲ့အစည်းဖြစ်ရမည်။ ရှေ့တွင် ဖော်ပြခဲ့သကဲ့သို့ ဗမာစစ်တပ်သည် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို စစ်တပ်အောက်တွင် စုစည်းကာ အင်အားစုဆောင်းလျက် သီးခြားအာဏာပိုင် အဖွဲ့ အစည်း ထူထောင်လိုခြင်းဟု ယူဆနိုင်သည်။ ပုဒ်မ (၃၃၉) – စစ်တပ်၏လုပ်ဆောင်မှုများ၊ အစီအမံများ၊ အဆုံးအဖြတ်များအားလုံးသည် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် ၄င်း၏ ကာကွယ်ရေးဝန်ကြီးဌာနမှ လာမည်ဖြစ်သည်။ စစ်တပ်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ရန် အကြောင်းမရှိပေ။ နည်းလမ်းလည်း မဟုတ် ပေ။ စစ်တပ်၏တာဝန်မှာ တိုင်းပြည်မှရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ၊ ၄င်း၏အစိုးရ အဖွဲ့နှင့် တိုင်းပြည်ကို ကိုယ်စားပြုသော ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကိုနာခံရန်၊ အမိန့်အတွက် အသင့်ရှိ နေရန်နှင့် အသင့်ရှိနေချိန်တွင် စွမ်းရည်ပြည့်ဝရန်ဖြစ်သည်။
ပုဒ် (၃၄၀) သည် ပုဒ်မ (၂၀-ဃ) တွင် သုံးသပ်ခဲ့သည့် သဘောတရားများ အတိုင်းသာဖြစ်သည်။
ပုဒ်မ (၃၄၂) – နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီး၏ အကြံပေးချက်နှင့် ပြည်ထောင်စုလွှတ် တော်၏ သဘောတူညီချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်ရမည်။ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ ပါဝင်ပြီးဖြစ်သည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းတောင်းယူ၍ သမ္မတက ခန့်အပ်ထားရသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများလည်း ပါဝင်နေသည်ဖြစ်ရာ ယင်းကောင်စီ၏အဆိုပြုချက်ဖြင့် သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည် ဆိုခြင်းမှာ ယထာဘူတနည်းလမ်းကျသော အလုပ်မဟုတ်ချေ။
သို့ဖြစ်၍ ဗမာစစ်တပ်သည် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ထိန်းချုပ်မှုတို့မှ ကင်းလွတ်သော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်စီးပွားရှိသော၊ သို့ရာတွင် တိုင်းပြည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတွင် ပုံသေနေရာယူထားပြီး ဝင်ရောက်စွက်ဖက်ခွင့်ရှိသော၊ ပြည်သူ့ဘဏ္ဍာ ငွေများကို ရယူသုံးစွဲပိုင်ခွင့်ရှိသော၊ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ တိုင်းပြည်အာဏာကို အချိန်မရွေး စစ်အာဏာ သိမ်းယူနိုင်သော သီးခြားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု ဖြစ်၍နေသည်။
(င-၂) တိုင်းပြည်အုပ်ချုပ်ရေးတွင် ဗမာစစ်တပ်၏ ဝင်ရောက်စွက်ဖက်မှု
တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်မှ ပုံသေရာထူး၊ ပုံသေတာဝန်များနှင့် ပုံသေအရေအတွက်ကို ရယူထားသည်ဆိုခြင်းမှာ ထူးဆန်းသော ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ဒီမိုကရေစီသာဖြစ်သည်။ ဗမာစစ်တပ်ကို ပြည်ထောင်စုမှသည် ဒေသန္တရအုပ်ချုပ်ရေးဖြစ်သော ခရိုင်အဆင့်အထိ အုပ်ချုပ်ရေးတွင် ပုံသေပါဝင်ခွင့်ပြုထား သော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားနည်းလမ်းမကျသည့် ပြဋ္ဌာန်းမှုဖြစ်ပြီး ယင်းအောက်တွင် ရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲဝင်ကြခြင်းမှာလည်း ယင်းတရားနည်းလမ်းမကျမှုကို အားပေးရာ ရောက်နေပေသည် (ပုဒ်မ ၁၇ – ခ)။
နိုင်ငံတော်သမ္မတရွေးကောက်တင်မြှောက်ခြင်းတွင်လည်း စစ်တပ်က သုံးပုံတစ်ပုံသောအခွင့်အရေးကို ရယူကာ နိုင်ငံတော်သမ္မတအထိတက်ကြိတ်နိုင်ရန် အခွင့်အလမ်းရှိနေခြင်း၊ အနည်းဆုံး ဒုတိယသမ္မတ တစ်ဦး ကို စစ်တပ်က တင်မြှောက်နိုင်ခြင်း၊ ယင်းဒုတိယသမ္မတအား စစ်တပ်က တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်စွက်ရန် အသုံးချနိုင်ခြင်းတို့သည် ဒီမိုကရေစီ၏မျက်နှာကို အိုးမည်းသုတ်ခြင်းထက်ပိုသည်(ပုဒ်မ ၆၀(က-၃ )။
ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများကို သမ္မတက စီမံခွင့်မရှိဘဲ စစ်တပ်က ချုပ်ကိုင်ထားသည်ဖြစ်ရာ မြန်မာပြည်၏ ထူးဆန်းသော အရပ်ဖက်-စစ်ဖက် ဖက်စပ်အစိုးရပင် ဖြစ်သည် (ပုဒ်မ ၂၃၂ (ခ-၂))။

တိုင်းရင်းသားပြည်နယ်များမှာ လွတ်လပ်မှုအနည်းဆုံးဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများမှာ သမ္မတက ခန့်အပ်ရသည်။ ပြည်နယ်ဝန်ကြီးများအနက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှာ စစ်တပ်က ချုပ်ကိုင်ထားသည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်နယ် အစိုးရအဖွဲ့များ၏ စစ်မှန်မှု၊ လွတ်လပ်မှု၊ အမှီအခိုကင်းမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်စီမံခွင့်တို့မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည် (ပုဒ်မ ၂၆၂ (က – ၂)။ ဒေသန္တရအုပ်ချုပ်ရေးဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသ ဦးစီးအဖွဲ့တွင်ပင် ဦးစီးအဖွဲ့ ၏ လေးပုံတစ်ပုံကို ဗမာစစ်တပ်က ချုပ်ကိုင်ထားသေးသည်ဖြစ်ရာ တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်၏ ဝင်ရောက်စွက်ဖက် နေရာယူထားမှုမှာ ကြောက်ခမန်းလိလိ သို့မဟုတ် ရှက်ဖွယ်လိလိပင် ဖြစ်သည် (ပုဒ်မ ၂၇၆ (ဃ-၂) (ဈ ))။
(င–၃) ဥပဒေပြုရေးတွင် ဗမာစစ်တပ်၏ ဝင်ရောက်စွက်ဖက်မှု
ပြည်သူများ၏ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား သော လွှတ်တော်များတွင် စစ်တပ်က အခန့်သားဝင်ထိုင်နေသည်မှာ လက်ခံနိုင်စရာ လုံးဝမရှိသော အချက်ဖြစ် သည် (ပုဒ်မ ၁၇၄)။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
ဗမာစစ်တပ်သည် ပြည်သူ့လွှတ်တော်တွင် လေးပုံတစ်ပုံ (ပုဒ်မ ၁၀၉ – ခ)၊ အမျိုးသားလွှတ်တော်တွင် လေးပုံတစ်ပုံ ( ပုဒ်မ ၁၆၁ – ဃ )၊ တိုင်းဒေသနှင့် ပြည်နယ်လွှတ်တော်တွင် သုံးပုံတစ်ပုံ ( ပုဒ်မ ၁၆၁ – ဃ )၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဦးစီးအဖွဲ့၏ လေးပုံတစ်ပုံ (ပုဒ်မ၂၇ ၆ – ဈ) တို့သည် ပြည်သူများက ရွေးကောက် တင်မြှောက်စရာမလိုဘဲ နေရာရပြီးဖြစ်သည်။ ဗမာစစ်တပ်က ပြည်ထောင်စုလွှတ်တော်၏ လေးပုံတစ်ပုံကို အပိုင်ရယူထားခြင်းသည် ပြည်နယ်တစ်ခုထက်ပင် အခွင့်အရေးပိုများကာ တိုင်းပြည်၏လေးပုံတစ်ပုံကို ဗဟို ဖွဲ့စည်းပုံတွင်ရရှိပြီး၊ တိုင်းဒေသများနှင့် ပြည်နယ်လွှတ်တော်များ၏ သုံးပုံတစ်ပုံသော အရေအတွက်ကို အပိုင်စီးထားခြင်းမှာ တိုင်းပြည်၏ အသေးစိတ်ဖွဲ့စည်းပုံအထိ အတွင်းကျကျ ဝင်ရောက်ချုပ်ကိုင်ထားခြင်းပင် ဖြစ် သည်။
(င–၄) အချိန်မရွေး အာဏာသိမ်းနိုင်ရန် ပြင်ဆင်ထားခြင်း
တိုင်းရင်းသားပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများ ၏ အမျိုးသားရေးစိတ်ဓာတ်မြင့်တက်လာမှုနှင့် ယင်းသို့ဖြစ်စေရန်ဆောင်ရွက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဗမာစစ်တပ်က ပုဒ်မ ၄၀ (ခ) ဖြင့် တားဆီးကာကွယ်ပိုင်ခွင့် ရယူထားသည်။
ဗမာစစ်တပ်သည် ၄င်းတို့ ခေါင်းစဉ်တပ်နေကြဖြစ်သော ကိစ္စရပ်များကို အကြောင်းပြု၍ နိုင်ငံတော် အာဏာကို ရယူပိုင်ခွင့်ရှိကြောင်း (ပုဒ်မ ၄၀ – ဂ) တွင် အခိုင်အမာ ပြဋ္ဌာန်းထားသည်။
တစ်နည်းအားဖြင့် ဗမာစစ်တပ်သည် နိုင်ငံတော်အုပ်ချုပ်ရေးနှင့် ဥပဒေပြူရေးတွင် ဖော်ပြခဲ့သည့် အတိုင်း အခိုင်အမာနေရာယူထားသည့်တိုင် ဤကစားပွဲအား စိတ်တိုင်းမကျဖြစ်လာပါက ညစ်ရန် အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။ တိုင်းပြည်အား စိတ်ကြိုက်ခြယ်လှယ်ခွင့်မရဟု ယူဆသည်နှင့် စစ်အာဏာသိမ်းနိုင်ရန် အတွက် (ပုဒ်မ ၄၁၈ (က) (ခ)၊ ပုဒ်မ ၄၁၉၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၂၁၊ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၃၂) စသည့် ပုဒ်မများစွာဖြင့် စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ပြင်ဆင်ထားပြီးဖြစ်သည်။
စင်စစ်၌ ဗမာစစ်တပ်သည် မည်သည့် ပုဒ်ထီး၊ ပုဒ်မကိုမျှ ဂရုစိုက်နေသည်ကား မဟုတ်ပေ။ ယင်းကဲ့သို့ ပြည်သူများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ စသည်တို့ကို ဂရုစိုက်စရာ မလိုစေရန် စစ်တပ်အား ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ဆုံးဖြတ်စီမံခွင့်နှင့် ကိုယ်ပိုင်စီးပွား တို့ကို အခိုင်အမာ သီးခြားတည်ဆောက်ထားခြင်းဖြစ်သည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရွေးကောက်ပွဲဝင်ကြရသော၊ အစိုးရဖွဲ့ကြရသော၊ လွှတ်တော်ဆင်ယင်ကျင်းပရသော ပြည်သူ့ကိုယ်စားလှယ်များသည် ဗမာစစ်တပ်၏လယ်ကို သူရင်းငှားလုပ်ရ သည့်ပမာ မည်သည့်အချိန်၌ ပြန်သိမ်းမည်ကို မသိနိုင်ပေ။
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်ကို အကြောင်းပြုလျက် နိုင်ငံ၏အုပ်ချုပ်ရေး၊ ဥပဒေပြုရေးများ တွင် ပါဝင်စွက်ဖက်ခြင်း၊ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူခြင်း၊ သို့မဟုတ် သိမ်းယူရန် ပြင်ဆင်ထားခြင်းတို့မှာ တွေးခေါ်နိုင်မှုနိမ့်ကျသော လွန်စွာရှက်ဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ပြီး၊ ယင်းသည် ကြာရှည်မအောင်မြင်နိုင်ဘဲ တိုင်းပြည်အား ဖရိုဖရဲပျက်စီးခြင်းသို့သာ ဦးတည်စေမည်ဖြစ်သည်။