ကျွန်တော်တို့ ဘာကို တော်လှန်နေကြတာလဲ

စစ်ငြိမ်းမိုးဇံ ရေးသည်

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ  အကြားရဆုံး စကားလုံးက တော်လှန်ရေး ဆိုတာ ဖြစ်တယ်။ တိုင်းရင်းသားနယ်မြေတွေမှာတော့ တော်လှန်ရေးက ကြာခဲ့ပေါ့။ အခုတော့ ဗမာပြည်မမှာပါ တော်လှန်ရေး ဆိုတဲ့ဝေါဟာရက တွင်ကျယ်လာခဲ့ပြီ။

            တကယ်က မြန်မာပြည်မှာ တော်လှန်ရမယ့်အရာတွေက ဒုနဲ့ဒေးဆိုသလိုပါပဲ။ ဒါပေမယ့် အခုလော လောဆယ် ကျွန်တော်တို့တော်လှန်နေကြတာက ဘာကိုလဲ။ ဘာအတွက်လဲ။ တကယ့်တော်လှန်ရေး ဦးတည် ချက်အစစ်က ဘာလဲ။ ဒါဟာ တော်လှန်ရေးခေါင်းဆောင်တွေရော၊ ပြည်သူတွေပါ ရှင်းရှင်းလင်းလင်း ဖြစ်နေရမယ့်ကိစ္စ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ ပေးဆပ်မှုက ကြီးမားတယ်။ မိအေး နာတာ ဘယ်နှစ်ခါမှန်းကို မသိတော့ဘူး။ ဒီတစ်ခါ မိအေး မနာစေ ချင်တော့ဘူး။           

ဒီတော့ ခွဲဖြာကြည့်ကြမယ်ဆိုရင် ခုလက်ရှိ မြန်မာပြည်ရဲ့တော်လှန်ရေးမှာ အမျိုးအစား နှစ်မျိုးကို တွေ့နိုင်တယ်။ ပထမတစ်ပိုင်းက ဗမာပြည်သူတွေ ဒါမှမဟုတ် NLD တွေ ဒါမှမဟုတ် NUG ရဲ့ တော်လှန်ရေးက စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးလို့ အခြေခံအားဖြင့် သတ်မှတ်နိုင်တယ်။ စစ်ကောင်စီကို အပြုတ်တိုက်နိုင်ရင်၊ စစ်အာဏာသိမ်းတာကို ပယ်ဖျက်နိုင်ရင်၊ ဗမာစစ်တပ်က နိုင်ငံရေးကနေ နှုတ်ထွက်သွား ရင်၊ NUG သို့မဟုတ် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအစုအဖွဲ့ကို နိုင်ငံ့အာဏာပြန်အပ်လိုက်ရင် သူတို့ရဲ့ တော်လှန်ရေး အောင်မြင်ပြီလို့ အကြမ်းဖျဉ်း ပြောနိုင်တယ်။

အခုနောက်ပိုင်းတော့ ဗမာလူငယ်တွေကြားထဲမှာ၊ ဗမာ PDF/PDO တွေကြားထဲမှာ ဒီထက်ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေ၊ တွေးခေါ်မှုတွေကို ကြားလာရတာတော့ ရှိတယ်။ ဆိုချင်တာက ဒီမိုကရေစီရရုံနဲ့ မြန်မာ့ပြည်တွင်းစစ်ကြီး ပြီးဆုံးမသွားဘူး။ (မြန်မာပြည်မှာ ဒီမိုကရေစီ ရတယ်ဆိုတာဘာလဲ ဆိုတာလည်း မေးစရာရှိတယ်)။ NUG သို့မဟုတ် ၂၀၂၀ အနိုင်ရအဖွဲ့တွေ က နိုင်ငံ့အာဏာပြန်ရရုံနဲ့ မြန်မာ့ပြည်တွင်းစစ်ကြီး ပြီးဆုံးမသွားဘူး။ (နိုင်ငံ့အာဏာဆိုတာကြီးက လက်ရှိမှာ တိုင်းရင်းသားအားလုံးအပေါ်ကို သက် ရောက်မှု ရှိနေနိုင်ဦးမလား ဆိုတာလည်း မေးစရာရှိလာတယ်)။ ရေရှည်ငြိမ်းချမ်းရေးရစေမယ့် တန်းတူညီမျှတဲ့ ပြည်ထောင်စုစစ်စစ်ဆီသို့  အရောက်သွားမှ ရမယ် စသည်ဖြင့်ပေါ့။   

နောက်တစ်ပိုင်းက ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေရဲ့ တော်လှန် ရေးဖြစ်တယ်။ တိုင်းရင်း သားတွေအဖို့မှာတော့ စစ်အာဏာရှင်‌ တော်လှန်ရေးအပြင် ဗမာတစ်ပြည်ထောင်စနစ်ကိုပါ တော်လှန်ရတာ ဖြစ် တယ်။ နိုင်ငံရေးအရ တန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ပါ တော်လှန်နေရတာ ဖြစ်တယ်။ ဒီတော်လှန်ရေးက ၂၀၂၁ မှ ပေါ်လာတာ မဟုတ်သ လို စစ်အာဏာရှင်ပြုတ်ကျသွားရုံနဲ့၊ မြန်မာပြည်မှာ ပြောပြောနေကြတဲ့ ဒီမိုကရေစီဆိုတာ ရတယ်ဆိုရုံနဲ့ ပြီးဆုံးမသွားနိုင်ပါဘူး။

            ဗမာတိုင်းရင်းသားတွေရော၊ ကျန်တဲ့တိုင်းရင်းသားတွေရော၊ မြန်မာပြည်သူတစ်ရပ်လုံးက ဘုံတော် လှန်ရေးအနေနဲ့ တူညီတဲ့အချက်ကတော့ ဗမာစစ်အာဏာရှင်ကို အမြစ်ဖြုတ်ရေးကို လုပ်နေကြရတာ ဖြစ် တယ်။ တစ်နည်းအားဖြင့် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေးထဲကနေ ဗမာစစ်တပ်က စစ်ဝါဒီ စစ်ခေါင်းဆောင် တွေကို ဖယ်ထုတ်ရေး၊ မြန်မာ့နိုင်ငံရေးထဲမှာ ဗမာစစ်တပ်က ပါဝင်စွက်ဖက်နိုင်တဲ့ စနစ်မျိုးကို ပယ်ဖျက်ပစ်ရေး ဖြစ်တယ်။

အမှန်အားဖြင့် အဖြေက အစကတည်းက ရှိနှင့်ပြီးဖြစ်တယ်။ နိုင်ငံတော်ဟာ  ဗမာနိုင်ငံတော် ဖြစ်ရ မယ်။ စစ်တပ်ဟာ ဗမာစစ်တပ် ဖြစ်ရမယ်။ ဒါမှမဟုတ် စစ်ဦးစီးချုပ်ဟာ  ဗမာဖြစ်ရမယ်။ ကျန်လူမျိုးတွေကို ဗမာက အုပ်ချုပ်မယ်။  အင်္ဂလိပ်နေရာမှာ ဗမာက အစားဝင်ပြီး  တိုင်းရင်းသားတွေကို ကိုလိုနီဆက်ပြုမယ့် အစီ အစဉ်ပဲ ဖြစ်တယ်။ ဒါ့အတွက်လည်း  ဗမာကိုယ်ပိုင်စစ်တပ်ကို  အသည်းအသန်လိုချင်နေတာ ဖြစ်နိုင်လောက် တယ်။   

တိုင်းရင်းသားနယ်မြေတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် နိုင်ငံရေးလမ်းကြောင်းကနေ လျှောက်လှမ်းခွင့်ကို ဗမာစစ်တပ်ကမပေးတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ကြရတော့ ဗမာစစ် အုပ်စုနဲ့အတူ တိုင်းရင်းသားစစ်အုပ်စုများ ၊ စစ်ဝါဒီများ ပေါ်ပေါက်လာခဲ့ကြတယ်။ ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲကတည်းက တိုင်းရင်းသားတန်းတူရေးနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံကို ရေးဆွဲခဲ့မယ်ဆိုရင် တိုင်းရင်းသား သူပုန်ထဖို့ ဖြစ်နိုင်ချေနည်းပါးတယ်လို့ သုံးသပ်နိုင်တယ်။ ဒါပေမယ့် ၁၉၄၇ အခြေခံဥပဒေဟာ တိုင်းရင်း သားတန်းတူမှုရှိတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမဟုတ်တဲ့အတွက် မြန်မာနိုင်ငံရေးဟာ အက်ကြောင်းရာထင်လာ ခဲ့တယ်။  

ပင်လုံကတိကဝတ် သဘောတူညီချက်နဲ့ ပါလီမန်ဒီမိုကရေစီစနစ်အောက်မှာ တိုင်းရင်းသားတွေရဲ့ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး  တောင်းဆိုချက်တွေကို ဗမာဖဆပလအစိုးရဟာ ကြာရှည် ရှောင်လွှဲနေလို့ မရနိုင်တော့တဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဗမာနိုင်ငံရေးအုပ်စုတွေ ပါလီမန်မှာ အကျပ်တွေ့ နေတဲ့အချိန် ဗမာစစ်အုပ်စုအတွက် အခွင့်ကောင်းရပြီး တိုင်းပြည် အာဏာကိုရယူနိုင်ခဲ့တယ်။

အဲဒီလိုနဲ့  ဗမာစစ်အုပ်စုဟာ  တိုင်းပြည်ကို အပိုင်စီးခွင့်ရပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို အသုံးပြုလို့  သူတို့တို့အင်အားကို ကြီးထွားသည်ထက် ကြီးထွားအောင် တည်ဆောက်နိုင်ခဲ့တယ်။ လူ့အခွင့်အရေး၊ တိုင်းရင်း သားအခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအားလုံးကို ရိုက်ချိုးဖျက်ဆီးခဲ့တယ်။ တိုင်းပြည်ကို အကျင့်ပျက် ခြစားမှုတွေနဲ့ လှိုက်စားစေခဲ့တယ်။  အဂတိလိုက်စားမှုတွေနဲ့ တစ်ဖက်စောင်းနင်း ဖြစ်စေခဲ့တယ်။ လက်နက် ကိုင်မှ  လူပေါ်လူဇော်ဖြစ်မယ်၊ စစ်ယူနီဖောင်းဝတ်မှ အခွင့်အရေးပိုရမယ်၊ စစ်သားဖြစ်သွားရင် အရပ်သားထက် ခေါင်းတစ်လုံးပိုသာတယ်ဆိုတဲ့ တွေးခေါ်မှုအယူမှားတွေကို လူငယ်တွေထဲ စိမ့်ဝင်စေခဲ့ပြီး ဗမာစစ်ဝါဒီ မျိုးဆက် သစ်တွေကို ဆက်ပြီးမွေးထုတ်ပေးနေခဲ့တယ်။

ဒါဟာ မြန်မာပြည်လွတ်လပ်ရေးရခါစက စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိပေမယ့် တိုင်းရင်းသား တန်းတူရေး အလိုမရှိတဲ့ ဗမာနိုင်ငံရေးသမားတွေကြောင့် ၁၉၅၈ ကနေ အခုထိ မြန်မာ့နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး မှာ ဗမာစစ်တပ်က ဝင်ရောက်စွက်ဖက် ချုပ်ကိုင်လာပုံတွေ ဖြစ်တယ်။   

            ဒီတော့ကာ ဗမာပြည်သူ့လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဗမာပြည်သူတွေအနေနဲ့ ဒီတော်လှန်ရေးကြီးဟာ ဗမာစစ်တပ်က တိုင်းပြည်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းပိုက်တာကို တော်လှန် ကြတာလား။ ၂၀၀၈ ဒီမိုကရေစီကို ပြန်ရဖို့ တော်လှန်ကြတာလား။ NUG အာဏာပြန်ရဖို့ တော်လှန်ကြ တာလား။ ဗမာစစ်အုပ်စုရှုံးသွားရင် ၂၀၀၈ ကို ဆက်ပြီးလက်ကိုင်ပြုလို့ ပြည်ထောင်စုအာဏာဆိုတာကြီးကို ဆုပ်ကိုင်ထားမှာလား။ ဒါမှမဟုတ် တိုင်းရင်းသားတန်းတူခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်ဆက်ပြီး တော်လှန်ကြမှာလား။ ဒါတွေဟာ ဗမာတော်လှန်ရေးခေါင်းဆောင်တွေရော ဗမာပြည်သူတွေပါ ကိုယ့်ကိုယ်ကို မေးကြရမယ့် မေးခွန်းတွေဖြစ်တယ်။ 

ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်တာမျိုးမဟုတ်ဘဲ ၂၀၀၈ ဒီမိုကရေစီမျိုးလောက်ကိုပဲ လိုချင်လို့ တော်လှန်တာဆိုရင်တော့ ပြည်တွင်းစစ်မီးက ငြိမ်းဦးမှာမဟုတ်ဘဲ တိုင်းပြည်ဟာ ဖရိုဖရဲနဲ့ သူတစ်လူ၊ ငါတစ်မင်း ဖြစ်နေကြဦးမှာပဲ ဖြစ်တယ်။ မြန်မာ့မျိုးဆက်သစ်ကလေးတွေလည်း စစ်ဒဏ်ကို ဆက်ပြီးခံနေကြရ ဦးမှာပဲ ဖြစ်တယ်။        

အဲဒီလိုပဲ တိုင်းရင်းသားတော်လှန်ရေးဖက်ကို ပြန်ကြည့်ကြပါမယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် အထိ ပြည်တွင်းတော်လှန်ပုန်ကန်မှုတွေ စဉ်ဆက်မပြတ်ရှိခဲ့ပေမယ့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက ဥပမာ – ဝ ဒေသလိုမျိုး မြို့ရွာတွေကို ထိန်းချုပ်ပြီး သီးခြားအုပ်ချုပ်ရေးနယ်မြေ ထူထောင်ကြတာမျိုး သိပ်ပြီးမရှိ ခဲ့ ဒါမှမဟုတ် အဲဒီမဟာဗျူဟာမျိုးကို အလေးပေးခြင်းမရှိခဲ့လို့ ဆိုနိုင်တယ်။

ဒါပေမယ့် ၂၀၂၁ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF/ PDO တွေဟာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက် လာနိုင်ကြတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက် ပိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို သိမ်းပိုက်လာနိုင်ကြတာကို မျက်ဝါးထင်ထင် မြင်နေကြရပြီးဖြစ်တယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့သိမ်းပိုက် ရယူ ထားနိုင်တဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးတွေ စတင်လုပ်ဆောင်နေကြပြီဖြစ်တယ်။ 

ဒီတော့ကာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုယ့်နယ်မြေ ကိုယ်ရရင် တော်လှန်ရေးပြီးဆုံးပြီလား။ ဖက်ဒရယ်ပြည်ထောင်စုအထိ ရောက်အောင် ဆက်ပြီးတော်လှန်ကြမှာလား။ လက်ရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုလည်း ဘယ်လိုစနစ်နဲ့ အုပ်ချုပ်ရေးတွေ လုပ်ကြမှာလဲ။ တိုင်းရင်းသား ဒေသက ပြည်သူတွေအနေနဲ့လည်း လက်ရှိဗမာစစ်အာဏာရှင် ပြုတ်ကျရင်ပြီးရောလား။ ဗမာအစိုးရ အုပ်ချုပ် ရေး မရှိရင်ပြီးရောလား။ ဒါတွေကို ကိုယ့်ကိုယ်ကို မေးကြရမှာ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ တော်လှန်ရေးသမိုင်းဖြစ်စဉ်ဟောင်းတွေကို ထောက်ရှုပြီးတော့ လက်ရှိဗိုလ်ကျနေတဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်းနဲ့ စစ်နိုင်တဲ့ တိုင်းရင်းသား စစ်ခေါင်းဆောင်တွေဟာလည်း ဗမာ စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ လက်စွဲစာအုပ်ဟောင်းကြီးကို ဆက်ဖတ်နေကြဦးမှာလားလို့ ပြည်သူတွေက စိုးရိမ်တဲ့အသံတွေကိုလည်း အခုတော့ ကြားလာကြရပြီ ဖြစ်တယ်။  

လက်ရှိကာလဟာ တော်လှန်ရေး ပြီးဆုံးအောင်မြင်ခြင်း ဇာတ်သိမ်းခန်းသို့ မရောက်သေးတာ မှန် တယ်။ ဒါပေမယ့် တော်လှန်ရေးရေချိန် လက်ရှိအခြေအနေသို့ ရောက်ဖို့ ပြည်သူတွေရဲ့ ဘဝတွေကို လမ်းခင်း ပေးခဲ့ကြရတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအရ တန်းတူမှုရရှိရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေးနဲ့ စစ်အာဏာရှင်ကိုသာမက ဘယ်အာဏာရှင်မျိုးကိုမှ မလိုချင်တော့တဲ့ အတွက် ကြောင့်ဖြစ်တယ်။  

ဗမာ့အုပ်ချုပ်ရေး ဖြစ်စဉ်တွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ကိုလိုနီခေတ်က မြန်မာပြည်သူ တွေဟာ အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ဖို့ အသက်၊ အိုး အိမ်၊ စည်းစိမ်တွေ ပေးဆပ်ခဲ့ကြပေမယ့် လွတ်လပ်ရေးရလာတဲ့အခါ တိုင်းရင်းသားအားလုံး တန်းတူမှုရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မရကြဘဲ လူမျိုးတစ်မျိုးက ကြီးစိုးအုပ်ချုပ်နိုင်ဖို့ ဖန်တီးထားတဲ့ တစ်ပြည်ထောင်စနစ်ကိုပဲ ရခဲ့ကြတဲ့အတွက် ပြည်တွင်း တော်လှန်မှုတွေအောက်မှာ အသက်ရှူမဝခဲ့ကြဘူး။

နေဝင်းနဲ့ မဆလပါတီကြောင့် တိုင်း ပြည်တစ်ခုလုံး မွဲပြာကျပြီး ၁၉၈၈ ပြည်လုံးကျွတ် ဆန့်ကျင်အုံ ကြွမှုကြီး ဖြစ်ပေါ်ရတာ၊ ဗမာစစ်တပ်ရဲ့ စစ်အာဏာရှင်အုပ်စိုးဗိုလ်ကျမှုကိုထပ်ပြီးခါးစည်းခံကြရတာ၊၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွေ၊ ၂၀၀၇ ရွှေဝါရောင် သံဃာအရေး တော်ပုံတွေ ပေါ်ပေါက်လာတာ စ သည်ဖြင့် မြန်မာပြည်ဟာ အနားရ တယ်ကို မရှိခဲ့ဘူး။ 

တစ်ခါ ၂၀၁၀ မှာ တစ်ပြည်ထောင်ဒီမိုအာဏာရှင်စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအားကိုးနဲ့ အသက်သွင်းကြပြန်တာ၊ ၂၀၂၀ မှာ ဗမာစစ်အုပ်စုနှင့် ဗမာမြေပေါ် နိုင်ငံရေးအုပ်စုတွေ အာဏာလုကြရင်း ၂၀၂၁ မှာ ဗမာစစ်တပ်ရဲ့ စစ် အာဏာသိမ်းမှု  ပေါ်ပေါက်လာပြန်တာ၊ ဗမာစစ်တပ်ကို PDF/PDO တွေနဲ့ တိုင်းရင်းသားတပ်တွေနဲ့ လက်တွဲ တော်လှန်ကြပြန်ပြီး တစ်ပြည်လုံး စစ်မြေပြင်ဖြစ်ကြရတာတွေပဲ အဆက်မပြတ် ဖြစ်ပွားနေခဲ့ပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာတယ်လို့ကို မရှိခဲ့ဘူးလို့ ဆိုနိုင်တယ်။    

ဒါကြောင့် ဒီစနစ်တွေကိုလည်း တော်လှန်ပြောင်းလဲပစ်လိုက်ဖို့ လိုပါတယ်။  မြန်မာပြည်သူတွေဟာ အာဏာရှင်စနစ်တွေကို ခါးသီးနာကျည်းခဲ့ကြပြီ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှုကင်းမဲ့တဲ့ အမှောင်ထုကြီးထဲမှာ နှစ်ပေါင်း ၇၀ ကျော် ထိတ်လန့် ခြောက်ခြားမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ဆင်းရဲမွဲတေနိမ့်ကျပြီး ကျောမလုံဘဲ နေထိုင်ခဲ့ကြရပြီး ဖြစ်တယ်။ 

၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ဗမာအပါအဝင် တိုင်းရင်းသားအားလုံးဟာ ဗမာစစ်တပ်ရဲ့ မကြုံစဖူး ဆိုးဆိုးရွားရွား ရက်စက်မှုများအောက်မှာ လူပေါင်းများစွာ၊ အိုးအိမ်၊ မြို့ပြကျေးရွာပေါင်းများစွာ ဆုံးရှုံးပျက်စီး နေကြရတယ်။

အခုအနေအထားမှာ မြန်မာပြည်ဟာ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ချက်ချင်းလက်ငင်း မတည် ဆောက်နိုင်သေးတာ မှန်တယ်။

ဒါပေမယ့် စစ်အာဏာရှင်ကို တော်လှန်တိုက် ခိုက်ပြီး သိမ်းပိုက်ရယူထားနိုင်တဲ့ နယ်မြေတွေမှာ စစ်အင်အားကို အကြောင်းပြုပြီး တစ်ဖွဲ့တည်းက၊ တစ်ပါတီတည်းက၊ ဗဟိုဦးစီးစနစ်မျိုးနဲ့ အုပ်ချုပ်ကြမယ်ဆိုရင် ကိုယ်တော်လှန်ခဲ့တဲ့ အုပ်ချုပ်ရေးမျိုးကို ပြန်အသက်သွင်းတာမျိုး ဖြစ်နေမှာ ဖြစ်တယ်။

အဲဒါမျိုးဆိုရင် ဒီတော်လှန်ရေးကြီးဟာ

မူကို တော်လှန်တာလား။

လူကို တော်လှန်တာလား။

စနစ်ကို တော်လှန်ကြတာလား။

အဖွဲ့အစည်းကို တော်လှန်ကြတာလား။

ဒီလိုမေးစရာတွေ ရှိလာမှာဖြစ်တယ်။ ဒီတော်လှန်ရေးကြီးဟာ စစ်ဝါဒီတွေ၊ စစ်အာဏာရှင်တွေကိုသာမက တစ်ပါတီ၊ တစ်ဖွဲ့၊ တစ်ပြည်ထောင်စနစ်မျိုးတွေ၊ အာဏာခွဲဝေမှုမရှိတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်တွေကိုပါ တော်လှန်နိုင်တဲ့ တော်လှန်ရေးစစ်စစ်တွေ ဖြစ်ဖို့လိုပါ တယ်။

  ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ ဒီတော်လှန်ရေးကြီးကို ရေဆုံးမြေဆုံး ဆက်ပြီးဆင်နွှဲနေ ရဦးမှာပဲဖြစ်တယ်။ အာဏာရှင်စနစ်တွေကိုလည်း မိုးအဆုံး မြေအနှံ့ အကြွင်းအကျန်မရှိရအောင် ဆက်ပြီး တော်လှန်ကြရဦိးမှာ ဖြစ်ပါတယ်။

ဒီအတွက် တော်လှန်ရေးလမ်းကြောင်းဟာ တည့်မတ်နေဖို့ လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့တွေဟာ ဘာကို တော်လှန်နေကြတာလဲ၊ ဘာအတွက် တော်လှန်နေကြတာလဲ ဆိုတာ ကို သေသေချာချာ စဉ်းစားကြဖို့၊ သိနားလည် လက်ခံထားကြဖို့ လိုပါတယ်။

ဒါမှလည်း မိအေး ထပ်ခါထပ်ခါ မနာတော့ဘဲ တော်လှန်ရေးကြီးလည်း အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။  

Oct 31, 2024 

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Categories

Related Posts