မြန်မာပြည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေပြီလား

စစ်ငြိမ်းမိုးဇံ    ရေးသည် 

   တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်တယ်လို့ စစ်ကောင်စီရဲ့ အမည်ခံနိုင်ငံတော်သမ္မတ ဦးမြင့်ဆွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကာ/လုံအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးသုံးသပ်သူအချို့ကလည်း မြန်မာပြည်ဟာ အစိတ်စိတ်အပိုင်းပိုင်း ပြိုကွဲသွားနိုင်တယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာလည်း အခြေအနေ‌တွေ ပိုပိုပြီးသာ ဆိုးလာနေတဲ့အတွက် တိုင်းပြည်ဟာ တကယ်ပဲ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားနိုင်လားဆိုတာ လေ့လာကြည့်ကြပါမယ်။

           မြန်မာပြည်ဖြစ်ပေါ်လာပုံသမိုင်းကို ပြန်ကြည့်ကြမယ်ဆိုရင် မြန်မာပြည်ဆိုတာမဖြစ်လာခင်က ဌာနေတိုင်းရင်းသားတွေဟာ ကိုယ့်မြေ၊ ကိုယ့်ရေမှာ သီးခြားစီနေကြတာဖြစ်တယ်။ ဆိုချင်တာက မြန်မာဟာ အစကတည်းက ပြင်သစ်တို့၊ ဂျာမဏီ တို့လိုမျိုး အမျိုးသားနိုင်ငံ မဟုတ်ခဲ့ဘူး။ အရင်တုန်းက မြန်မာပြည်ဆိုတာ မရှိခဲ့ဘူး။ ဒီတိုင်းရင်းသားနယ်တွေကို အင်္ဂလိပ်က စုခဲ့ပြီး Burma လို့ လုပ်ခဲ့တာဖြစ်တယ်။

နောက် အင်္ဂလိပ်ဆီက လွတ်လပ်ရေးရမယ်ဆိုတော့ ဌာနေတိုင်းရင်းသားတွေဟာ သီးခြားလွတ်လပ်ရေးယူလို့ ရနိုင်ခြေရှိခဲ့တယ်။ အဲဒါကို ဗမာဖဆပလ ခေါင်းဆောင်တွေက လွတ်လပ်ရေးကို အတူပူးတွဲရယူကြဖို့ လိုက်စုခဲ့တယ်။

အဲဒါကြောင့် လက်ရှိမြန်မာပြည်အနေအထားနဲ့ လွတ်လပ်ရေးရလာခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်ဟာ နိုင်ငံရေးတန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်မလာခဲ့တဲ့အတွက် အပြင်ပန်းအမည်ခံအားဖြင့် မြန်မာနိုင်ငံရယ်လို့ ရှိနေပေမယ့် အတွင်းမှာ အချင်းချင်း စိတ်ဝမ်းကွဲသွားကြပြီး သူပုန်ထမှုတွေ၊ တော်လှန်ရေးတွေ အခုအချိန်ထိ အဆက်မပြတ် ပေါ်ပေါက်လာခဲ့တယ်။

            ဒါကြောင့် မြန်မာပြည်ဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းပေါင်းစည်းမှု အနှစ်သာရအားဖြင့် အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီးဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဗမာခေါင်းဆောင်တွေဟာ တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ အစိုးရအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းနိုင်ပြီး တစ်နိုင်ငံလုံးကို အုပ်ချုပ်ရေးဖြန့်ကျက်နိုင်ခဲ့တယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ မြန်မာနိုင်ငံဆိုပြီး ဟန်ပြဖြစ်တည်မှုတစ်ခုကို ထိန်းထားနိုင်ခဲ့တယ်။

အဲလိုထိန်းထားနိုင်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကို သုံးခဲ့တဲ့အထဲက အဓိကအချက် ၂ ချက်ကို ဒီလိုတွေ့ရတယ်။  

(၁) ဗမာ့စစ်တပ်ကို အင်အားကြီးအောင်တည်ဆောက်ပြီး နိုင်ငံအနှံ့ စစ်အင်အားဖြန့်ကျက်ထားတယ်။ တိုင်းရင်းသားတွေကို စစ်အင်အားကြီးထွားခွင့်မရအောင် လုပ်တယ်။ တိုင်းရင်းသားလူမျိုးတစ်မျိုးထဲမှာပဲ လက်နက်ကိုင်အဖွဲ့တွေ ကွဲအောင်လုပ်တယ်။ တော်လှန်ရေးခေါင်းဆောင်တွေကိုလည်း  အာဏာနဲ့ငွေကြေး မက်လုံးတွေပေးပြီး ဖြားယောင်းတယ်။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်တယ်။ ဒီလိုနဲ့ တိုင်းရင်းသား တော်လှန်ရေးတွေဟာ အဓွန့်ရှည်ပေမယ့် ဗမာစစ်တပ်ကို အဖြေထွက်အောင် မတိုက်နိုင်ခဲ့ကြဘူး။ အဲလို ဗမာစစ်တပ်ကို ပြတ်အောင်မတိုက်နိုင်ခဲ့ကြတဲ့အတွက် ပြည်တွင်းတော်လှန်ရေးတွေ ဘယ်လောက်ပဲရှိရှိ မြန်မာနိုင်ငံဆိုတဲ့ အနေအထားတစ်ခုကို ဗမာအစိုးရက ထိန်းထားနိုင်ခဲ့တယ်။  

(၂) စစ်တပ်နဲ့ အုပ်ချုပ်ရေးနဲ့တွဲပြီး  တိုင်းရင်းသားမြေပေါ်နိုင်ငံရေးသမားတွေ၊ လူမျိုးရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းတယ်။ ထောင်ချတယ်။ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ အားကောင်းမလာအောင် လုပ်တယ်။ ဗမာနိုင်ငံရေးဩဇာခံ နိုင်ငံရေးအဖွဲ့အစည်းတွေ စင်ပြိုင်ထောင်တယ်။ ဩဇာတက္ကမကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အာဏာနဲ့ငွေကြေး ဗန်းပြပြီး ဆွယ်တယ်။ ဆွယ်လို့မရတဲ့သူတွေကို ဖမ်းတယ်၊ ထောင် ချတယ်၊ သတ်တယ်။ အစိုးရယန္တရားရှိနေတဲ့ မြို့ပေါ်တွေမှာ တိုင်းရင်းသားနိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ နေလို့မရအောင် လုပ်တယ်။ အဲဒီလိုနဲ့ တိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်ရေးအာဏာ လွှမ်းမိုးဖြန့်ကျက်နိုင်မှုကို ထိန်းထားခဲ့တဲ့အတွက် ပြည်တွင်းအကွဲအပြဲတွေ ဘယ်လောက်ပဲရှိရှိ မြန်မာနိုင်ငံဆိုတဲ့ အနေအထားတစ်ခုကို ဗမာအစိုးရက ထိန်းထားနိုင်ခဲ့တယ်။  

           

ဆိုလိုချင်တာက မြန်မာပြည်ကြီးဟာ အတွင်းမှာ အစိတ်စိတ်ကွဲနေပေမယ့် ဗမာစစ်တပ်ဆိုတဲ့ အကာပါးပါးလေးက ဖုံးအုပ်ထားနိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံးဆိုင်ရာ အုပ်ချုပ်ရေးတွေ မပျက်ပြားဘဲ အပြင်ပန်းမှာ နိုင်ငံတစ်နိုင်ငံအဖြစ် ဟန်မပျက် ရှိနေခဲ့တယ်။

            ဒါပေမယ့် ပြည်တွင်းမှာ အမျိုးသားရေး၊ လူမျိုးရေး၊ နိုင်ငံရေးတွေအရ ကွဲပြားနေမှုတွေကို ပေါင်းစည်းလို့မရနိုင်ကြဘဲ တိုင်းရင်းသားတော်လှန်ရေးတွေဟာ အခုထိ အဓွန့်တွေရှည်ခဲ့တယ်။  တော်လှန်ရေးအဖွဲ့ဟောင်းအပြင် အဖွဲ့သစ်တွေပါ ပေါ်ပေါက်လာခဲ့တယ်။ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ပေါင်းစည်းမှု အသစ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဗမာစစ်တပ်နဲ့ ဗမာနိုင်ငံရေးသမားတွေရဲ့ မှားကွက်တွေကြောင့် မြန်မာနိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွေလည်း ပြောင်းလဲလာခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဩဇာချဲ့ထွင်မှု မဟာဗျူဟာတွေလည်း ဆန်းသစ်လာခဲ့တယ်။

            ဒီတော့ အခုလက်ရှိအခြေအနေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ ကိုယ့်နယ်မြေတွေကို အရယူနေကြတာကို တွေ့နိုင်တယ်။ သူတို့သိမ်းယူထားတဲ့နယ်မြေမှာ ဗမာစစ်တပ်နဲ့ ဗမာအုပ်ချုပ်ရေးဆိုလို့ အကြွင်းအကျန်တောင် မရှိတော့ဘူး။ ဆိုလိုချင်တာက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြန်သိမ်းယူထားနိုင်တဲ့ တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာပြည်ကြီးရယ်လို့ ဟန်မပျက်အောင် အခွံပါးပါးလေးအုပ်ထားခဲ့တဲ့ ဗမာစစ်တပ် မရှိတော့ဘူး။ ဗမာစစ်တပ်ရဲ့ အကာအကွယ်နဲ့ ဖြန့်ကျက်လွှမ်းမိုးနိုင်ခဲ့တဲ့ ဗမာအုပ်ချုပ်ရေးတွေလည်း မရှိတော့ဘူး။

မြေပြင်အခြေအနေတွေအရဆိုရင် အဲ့ဒီတိုင်းရင်းသားနယ်မြေတွေအပေါ် လက်ရှိအာဏာထိန်းအစိုးရပါလို့ ပြောပြောနေတဲ့ မင်းအောင်လှိုင်အဖွဲ့ကလည်း အာဏာသက်ရောက်မှု မရှိတော့ဘူး။ သူသာလျှင် တရားဝင်အစိုးရပါလို့ အသံထုတ်ထုတ်နေရှာတဲ့ NUG ကလည်း အာဏာသက်ရောက်မှု မရှိဘူး။ လက်တွေ့အားဖြင့် မြန်မာပြည်မှာ တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်တဲ့ မြန်မာပြည်အစိုးရ မရှိတော့ဘူး။ နှစ်ပေါင်း ၇၀ ကျော်အောင် အတွင်းထဲမှာ အစိတ်စိတ်ကွဲနေခဲ့တဲ့ မြန်မာပြည်ဟာ ဗမာ့ STANDARD ARMY ကြီး အပြိုပြိုအလဲလဲ ရှုံးပွဲဆက်နေခဲ့တဲ့နောက်မှာ လက်တွေ့အားဖြင့် သူ့နယ်၊ သူ့မင်း နဲ့ ဖြစ်လာနေကြပြီဖြစ်တယ်။

            ဒါပေမယ့် တိုင်းရင်းသားအဖွဲ့တွေဟာ သီးခြားနိုင်ငံထူထောင်ကြမယ်လို့ အခုထိ တရားဝင်ပြောကြတာမျိုးတွေ မကြားရသေးပါဘူး။ ဒီတော့ မြန်မာပြည်ဟာ လုံးဝသီးခြားဖြစ်တည်မှုတွေနဲ့ အပြီးပိုင်ကွဲထွက်သွားတာမျိုးတော့ မဟုတ်သေးဘူးလို့ ဆိုနိုင်တယ်။ ဒါကို ဘယ်လိုပြန်ပေါင်းစည်းကြမလဲ။ ပြည်ထောင်စုဖြစ်အောင် ဘယ်လိုတွေ ပြန်လုပ်ကြမလဲ။

လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်ရင် တိုင်းရင်းသားတွေကလည်း တစ်ကယ်ရော ပေါင်းစည်းချင်ကြရဲ့လား။ ဗမာတွေကလည်း တိုင်းရင်းသားအားလုံး တန်းတူမှုနဲ့ ပြည်ထောင်စုတစ်ခုကို တစ်ကယ် ပြန်တည်ထောင်ချင်ကြရဲ့လား ဆိုတာကလည်း မေးစရာတွေ ရှိလာပါတယ်။  

ပြည်ထောင်စုစစ်စစ်ဖြစ်အောင် တစ်ကယ်လုပ်ကြမယ်လို့ဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား လုပ်ကြဖို့ အချိန်တန်ရုံမက လွန်နေပြီလို့တောင် ဆိုနိုင်နေပါပြီ။ ဥပမာ –

            အဲဒီလိုမျိုး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဆိုရင်တော့ –  

(၁) မြန်မာပြည်ဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမယ့်အရေးကနေ ရုန်းထွက်နိုင်ပြီး ပြည်ထောင်စုဆိုတဲ့ အရွေ့တစ်ခုအပေါ် စပြီး လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။  

(၂) နိုင်ငံတကာမှာလည်း တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးအားကို ရရှိမှာ ဖြစ်ပါ တယ်။  

( အရင် ဗမာအစိုးရအဆက်ဆက်ကလို ကိုယ့်စကားနားထောင်မယ့် တိုင်းရင်းသားတွေကို ပုဂ္ဂိုလ်ရေးကဏ္ဍအရ ထည့်ပြီး တိုင်းရင်းသား အားလုံးပါတယ်ဆိုတာမျိုး ကလေးကွက်တွေ မနင်းဖို့တော့ လိုပါမယ်။)

(၃) တရုတ်က စစ်ကောင်စီကို တရားဝင်အစိုးရဖြစ်အောင် အသက်ပြန်သွင်းနေတာကိုလည်း တန်ပြန်တိုက်စစ် ဖွင့်ပြီးသားဖြစ်မှာ ဖြစ်တယ်။

            တကယ်က မြန်မာပြည်ဟာ လက်ရှိမှာ အပိုင်းပိုင်းဖြစ်နေခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် တစ်စစီပြိုကွဲသွားတာမျိုးတော့ မဟုတ်သေးဘူး။ တစ်ပိုင်းစီ၊ တစ်ပိုင်းစီ ထိန်းထားကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒီအခြေ အနေမျိုးမှာ ပြန်ပေါင်းစည်းဖို့ မကြိုးစားကြဘူးဆိုရင် တဖြည်းဖြည်းနဲ့ တကယ်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားနိုင်ပါတယ်။ မြန်မာပြည်ထောင်စုဖြစ်စေချင်တဲ့ ပြည်သူတွေအတွက်တော့ ရင်လေးစရာကြီးပဲ ဖြစ်တယ်။

            ဒီတော့ အဆုံးသတ်ရရင် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်အပါအဝင် ဘယ်အာဏာရှင်စနစ်တွေကိုမဆို ဆန့်ကျင်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ စစ်ကောင်စီ ဗုံးကြဲလို့ တစ်ယောက်မှမကျန်ရင်လည်း တိုင်းပြည်အခွံကိုပဲ အုပ်ချုပ်ပေတော့ဆိုတဲ့အထိ တော်လှန်ရေးကို အဆုံးထိ စတေးနေကြပေမယ့် ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေက တိကျပြတ်သားမှု မရှိသေးတာကြောင့်သူတို့ရဲ့ခေါင်းဆောင်တွေ ဘယ်လိုခရီးဆက် ကြမလဲ ဆိုတာကို ရင်မောနေကြပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Categories

Related Posts